Down Syndrome

June 3, 2020

ကိုဗစ်အလွန် နယူးဇီလန်တွင် ပထမဆုံးရိုက်ကူးသည့်  ဒရာမာရုပ်ရှင် - Poppy 

နယူးဇီလန် ဒရာမာရုပ်ရှင်ကားဖြစ်တဲ့ Poppy ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ခဲ့ပြီးနောက်မှာတော့ ဒါဟာ ကိုဗစ်-၁၉ ကပ်ကာလအလွန် နိုင်ငံတွင်း ပထမဆုံးရိုက်ကူးခွင့်ပြုတဲ့ ရုပ်ရှင် ဖြစ်လာပါတယ်။ ဒီရုပ်ရှင်ကားဟာ ရိုက်ကူးရေးပြီးစီးဖို့ နောက်ဆုံးသီတင်းပတ် ရောက်ရှိနေချိန်မှာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အဆင့် ၄ လို့ သတ်မှတ်ခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ရပ်နားထားခဲ့ရတာပါ။ ဒီကားကတော့ မျိုးဗီဇဆိုင်ရာ ဒေါင်းရောဂါ - Down Syndrome နဲ့ မွေးဖွားလာတဲ့ မိန်းကလေးငယ်တယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဒီအခြေအနေကြောင့် ငြင်းပယ်ခံလိုက်ရချိန်မှာ သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်ဖို့ ဆုံးဖြတ် ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ လင်ဒါနစ်ကိုးလ်က ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။  လက်ရှိမှာတော့ အချိန် ၆ ရက်တာ ရိုက်ကူးမှုတွေ ဆက်လက်လုပ်ဆောင်အပြီး လာမယ့် ဇွန် လ ၄ ရက်နေ့မှာတော့ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ နယူးဇီလန် ရုပ်ရှင်ကော်မရှင်(အဲန်ဇက်အက်ဖ်စီ)ကတော့ “ရုပ်ရှင်ရိုက်ကူးရေး ၆ ရက်စလုံးကို မြောက်ပိုင်းကျွန်း ကာပီတိကမ်းရိုးတန်းပေါ်က သီးသန့်ရှုတင်တခုမှာပဲ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင် ၃ ယောက်အပါအဝင် ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း အစိုးရရဲ့ လူမှုအလှမ်းခွာနေထိုင်မှု စည်းမျဉ်းတွေအရ လျှော့ချထားခဲ့ပြီး တယောက်နဲ့ တယောက် တတ်နိုင်သမျှ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ပြင်ဆင်ရပါတယ်” လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်မှုလုပ်ငန်းတွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အဆင့် ၂ အခြေအနေလို့ သတ်မှတ်နိုင်ခဲ့ကာ တချို့လုပ်ငန်းတွေကို ဖြေလျှော့မှုတွေ လုပ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကြီး Avatar ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ဟာလည်း စတူဒီယိုမှာ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ နယူးဇီလန်နိုင်ငံကို ရောက်ရှိနေပြီး လုပ်ငန်းမစတင်ခင်မှာ မြို့တော် ဝယ်လင်တန် ဟိုတယ်တခုမှာ ကွာရန်တင်း ၁၄ ရက် ဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၅၀၄ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်ထိ ရှိနေတာ ဖြစ်ပါတယ်။
1 year Ago
Up