Dave Bautista

March 10, 2020

နပန်းမင်းသား Dave Bautista ခေါင်းဆောင် ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင် - My Spy (နမူနာ)

ဟောလိဝုဒ် Action Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ My Spy ကို လာမယ့်မတ်လ ၁၃ ရက်နေ့မှာ ရုံတင် ပြသသွားမှာဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ ဒီကားကိုတော့ STX Films က တင်ဆက်လိုက်တာဖြစ်ပြီး Anger Management ၊ 50 First Dates စတဲ့ ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Peter Segal က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ My Spy ဆိုတဲ့အတိုင်းပဲ မိသားစုတစုကို စောင့်ကြည့်ရတဲ့ CIA အေးဂျင့်တယောက်ဖြစ်တဲ့ JJ Cena ရဲ့ အကြောင်းကို ပရိသတ်တွေက ရှုစားကြရမှာပါ။ သူ စောင့်ကြည့်ရတဲ့ မိသားစုထဲမှာတော့ Sophie Newton ဆိုတဲ့ ၉ နှစ်သမီးလေးတယောက်လည်း ပါနေပြီး ထင်မှတ်မထားပဲ JJ ကို စပိုင်အေးဂျင့်တယောက်မှန်း သိသွားတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ သူတို့နှစ်ယောက် ပူးပေါင်းပြီး ဘယ်လို ထူးထူးခြားခြား ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး နပန်းသမားတယောက်လည်းဖြစ်တဲ့ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား Dave Bautista က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Kristen Schaal ၊ Ken Jeong တို့နဲ့အတူ ကလေးသရုပ်ဆောင် Chloe Coleman တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၉၉ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up