D-Day

September 17, 2021

D-Day ကြေညာပြီး တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၉၀ ကျော် သေဆုံး

D-Day ကြေညာပြီး တပတ်အတွင်း တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် စစ် ကောင်စီတပ်သား ၁၉၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ယောက်ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို အထူးလိုလားတဲ့ တပ်မတော်သားတွေနဲ့ ရဲတွေအနေနဲ့လူတစ်စုကိုသာ ကြီးပွားချမ်းသာစေပြီး လူအများစုရဲ့ ဘဝနဲ့ အနာဂတ် မရှိတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေတဲ့ အဖွဲ့အစည်းအောက်က ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံ တွန်းလှန် စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာထားပါတယ်။

PDF တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်အဖွဲ့စည်းတွေကို တိုက်ခိုက်ချေမှုန်းကြဖို့၊ ပြည်သူလူထုအနေနဲ့ မလိုအပ်ပဲ ခရီးမသွားဘဲ တစ်ဦးချင်းလုံခြုံမှုကို အထူး ဂရုစိုက်ဖို့၊ လိုအပ်မယ့် ရိက္ခာဆေးဝါးတွေကို စုဆောင်းထားကြဖို့၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အားလုံးကလည်း အကြမ်းဖက်စစ်အုပ်စုကို ချက်ချင်း တိုက်ခိုက်သွားကြဖို့၊ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ပြည်သူ့အားနဲ့ တိုက်ဖျက်ကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

1 month Ago

September 13, 2021

D-Day ခေါ်ပြီး တစ်ပတ်အတွင်း ချင်းပြည်နယ်က စစ်သားနှင့် ရဲ ၁၀၀ ခန့် အာဏာဖီဆန် CDM လုပ်

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာပြီး တစ်ပတ်အတွင်းမှာ ချင်းပြည်နယ်အတွင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်  ၁၀၀ နီးပါး အာဏာဖီဆန် CDM ပြုလုပ်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့  CDF နဲ့ လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ ​CDF ပြောရေးဆိုခွင့်ရှိသူ ဘိုးရိစ်(Boris) က ဒီဗွီဘီကို  ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာဆက်ပြီး တာဝန်မထမ်းဆောင်လိုတာကြောင့် ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့  CDF နဲ့ ပူးပေါင်းလာတဲ့အထဲမှာ စစ်တပ်နဲ့ ရဲအပြင် သစ်တော ဝန်ထမ်းတွေလည်း ပါဝင်ပြီး သူတို့အားလုံးကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာဆက်ပြီး တာဝန်မထမ်းဆောင်တော့ဘဲ CDF နဲ့လာရောက်ပူးပေါင်းရင် သူတို့တွေရဲ့လုံခြုံရေးနဲ့ အသက်ကိုအာမခံပြီး ငွေကြေးထောက်ပံ့ပေးမှုတွေအပြင် တခြား ကူညီဆောင်ရွက်မှုတွေနဲ့ ကျေးဇူးဆပ်သွားမယ်လို့ ဘိုးရိစ် က ပြောပါတယ်။ 

CDF လာရောက်ပူးပေါင်းထားတဲ့သူတွေကိုလည်း ကူညီစောင့်ရှောက် ထောက်ပံ့ပေးထားပြီး ဖြစ်တာကြောင့် ထပ်မံပူးပေါင်းလာပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ CDM ပြုလုပ်ထားတဲ့ စစ်သားနဲ့ ရဲ ၃၅၀၀ ကျော်ပြီလို့ သူတို့တွေကို CDM ကုတ်နံပါတ်ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

1 month Ago
Up