Cyborg စက်ရုပ်မလေး-

February 13, 2019

ကြမ်းကြမ်းရမ်းရမ်းဇာတ်ဝင်ခန်းများဖြင့် ရှုစားရမည့် Cyborg စက်ရုပ်မလေး- Alita: Battle Angel (နမူနာ)

ထူးထူးခြားခြား Cyberpunk Action အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Alita: Battle Angel ရုပ်ရှင်ကားကို လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ 20th Century Fox ရုပ်ရှင်ကုမ္ပဏီက တင်ဆက်လိုက်တာဖြစ်ပြီး ထုတ်လုပ်သူကတော့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ နာမည်ကြီး အော်စကာဆုရ ရုပ်ရှင်ကား Avatar ရဲ့ ဖန်တီးရှင် ဒါရိုက်တာ James Cameron ဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်ကာလတွေက နာမည်ကြီးခဲ့တဲ့ ဂျပန် Manga ကာတွန်းဆရာ Yukito Kishiro ရဲ့ Cyberpunk Manga Series - Gunnm ကို ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာအကြာ အနာဂတ်ကာလကို အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့ Cyborg စက်ရုပ်မလေး Alita ရဲ့ အကြောင်းကို ရှုစားကြရမှာပါ။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ တခြားစွမ်းအားကြီးတဲ့ စက်ရုပ်လူသားတွေနဲ့ တိုက်ခိုက်ရင်ဆိုင်ရင်း သူ့ရဲ့ ဘ၀နောက်ကြောင်းရာဇ၀င်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားချိန်မှာ ဘာတွေဖြစ်လာလိမ့်မလဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၅၀ နဲ့ ၂၀၀ ကြား အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ Trailer နဲ့တင် နာမည်ကြီးနေခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 7.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။        ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Alita နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Rosa Salazar က ခေါင်းဆောင်ပါဝင်ထားပြီး တခြားနာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Christoph Waltz ၊ Jennifer Connelly ၊ Mahershala Ali စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
2 years Ago
Up