ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဦးမန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း မတ်လ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို စစ်အုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတဲ့အတွက် နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရန်အတွက်လည်းကောင်း ဦးမန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားတဲ့အတွက် နိုင်ငံတော်သမ္မတက တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ အခြေအနေမရှိတဲ့ ကာလမှာ ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ ထမ်းဆောင်ဖို့ တာဝန် အပ်နှင်းလိုက်တယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ် ၈ ရပ်ကွက် မင်းတုန်းလမ်းမှာ ဒေသခံအချို့က ဒီနေ့ညနေပိုင်း ပထမဆုံးအကြိမ် ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။
ဒီမိုကရေစီအစိုးရ CRPH အားထောက်ခံပါသည်ပါ စတေကာနဲ့ ဘီနိုင်းတို့ကို ကိုင်ဆောင်ပြီး CRPH အားထောက်ခံပါသည်လို့ သုံးကြိမ် ကြွေးကြော်ခဲ့ကြပါတယ်။
ချောက်မြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ် ဆန္ဒပြသပိတ်မှောက်နေကြသလို ဌာနဆိုင်ရာဝန်ထမ်း ၈၀ ရာခိုင်နှုန်းကလည်း CDM ဆောင်ရွက်နေပြီး ဒေသခံပြည်သူတွေကလည်း ချီးမြှင့်ကူညီပေးနေပါတယ်။