CrossFit

November 8, 2019

CrossFit အားကစားပြိုင်ပွဲဝင်မည့် အသက် ၈၀ အရွယ် အဘိုး

အလေးမတာကနေ ပုံးတွေပေါ် ခုန်တက်တာအထိ ပါဝင်တဲ့  CrossFit အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အသက် ၈၀ အရွယ်  အဘိုးတယောက် လေ့ကျင်နေပါတယ်။  နယူးယောက်  ဆောက်သ်ဘရွတ်ကလင်မြို့က  CrossFit ဂျင်မ်မှာ အော်တိုဂျန်နာရီယန် ဂျန်စင်နို ဘွန်နီလာဆိုသူ အဘိုးဟာ ညစဉ် ညတိုင်း အသက် ၅၀ အောက်  လူငယ်လူရွယ်တွေနဲ့အတူ လေ့ကျင့်နေတာပါ။  ဘရွတ်ကလင်မြို့က CrossFit ဂျင်မ်ဟာ အိုလံပစ်အလေး၊ အပြေး၊ ကျွမ်းဘားနဲ့  တခြားအားကစားနည်းတွေ တလှည့်စီ ပေါင်းစပ်ထားတဲ့ အင်မတန်ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို အထူးသင်တန်းပေးပါတယ်။  ဒီသင်တန်းမှာ ဘွန်နီလာက သူ့အသက်ရဲ့ လေးပုံတပုံသာရှိတဲ့ တခြားသူတွေနဲ့အတူ လေ့ကျင့်ခန်းတွေ လိုက်လုပ်ပါတယ်။  ဘဝတလျှောက်လုံး ကျန်းမာရေး ကောင်းမွန်တယ်၊ အမြဲတမ်း တခုမဟုတ်တခု အသစ် အဆန်းကို လုပ်တတ်ပြီး ပြေးတာ၊ ကရာတေး ကစားတာနဲ့ ကာယဗလလေ့ကျင့်ခန်းတွေ လုပ်ဖူးတယ်လို့ အသက် ၈၀ အရွယ်  ဘွန်နီလာက ပြောပါတယ်။ သူ့အနေနဲ့ ဒီလေ့ကျင့်ခန်းတွေ လိုက်လုပ်ပြိး အမှတ်ကောင်းကောင်းရမယ်ဆိုရင်  တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ CrossFit အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာပါ။  အဲဒီပြိုင်ပွဲကို တကမ္ဘာလုံးက အကြံ့ခိုင်ဆုံးနဲ့ အသန်မာဆုံး CrossFit အားကစားသမားတွေ လာရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး  အနိုင်ရသူဟာ “ကမ္ဘာမှာအကြံ့ခိုင်ဆုံးဆု” ကို ရရှိမှာပါ။ “ဘွန်နီလာဟာ သင်သိထားတဲ့ သာမန် အသက် ၈၀ အရွယ် လူတယောက် မဟုတ်ဘူးဆိုတာတော့ ပြောစရာကို မလိုပါဘူး။ ဘွန်နီလာဟာ လူ့အသိုက်အဝန်းရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တယ်” လို့  CrossFit သင်တန်း ဆရာက ချီးကျူးခဲ့ပါတယ်။ 
2 years Ago
Up