Covishield

October 10, 2021

အိန္ဒိယက လှူဒါန်းသည့် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိ

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံကို လှူဒါန်းတဲ့ COVISHIELD အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်ညပိုင်းက ရောက်ရှိလာခဲ့တဲ့ အဆိုပါ ကာကွယ်ဆေးတွေကိုတော့ ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ဦး ဆောင်တဲ့အဖွဲ့က လက်ခံရယူခဲ့ပြီး ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း(Central Cold Room)မှာ အအေးလမ်းကြောင်းမပျက်သိုလှောင်ထားရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ ကာကွယ်ဆေးတွေရောက်ရှိလာမှုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ COVISHIELD ၂ သန်း၊ Sinopharm ၁၄ သန်း၊ Sinovac ၂ သန်း စုစုပေါင်း ၁၈ သန်းရောက်ရှိပြီးဖြစ်ကာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေက လှူဒါန်းတဲ့ ကာကွယ်ဆေး ၆ သန်းကျော်ကိုလည်း လက်ခံရရှိပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၇၀,၀၀၀ ကျော်နဲ့ သေ ဆုံးသူ ၁၈,၀၀၀ ကျော်ထိ ရှိလာနေပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစု မှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၈ ဒသမ ၆၈ သန်းကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ပြည်သူ တွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

1 year Ago

January 28, 2021

Covishield ကာကွယ်ဆေးနဲ့ အရက်သောက်သုံးခြင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ခဲ့တာ တစ်နှစ်နီးပါးကာလရှိလာပြီဖြစ်ပြီး ဒီကနေ့မှာတော့ ကကွယ်ဆး ထိုးနှံမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေး အမျိုးအစားက  အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။ အောက်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။

ဒီကာကွယ်ဆေးကို ထိုးနှံတဲ့အခါ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးလိုပဲ အရက်ရှောင်ဖို့ လိုမလားဆိုတာကို ဆောင်းပါးလေးမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။

ရုရှား ကာကွယ်ဆေးထိုးရင် ဘာကြောင့် အရက်ရှောင်ဖို့ လိုတာလဲ။

ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က စမ်းသပ်ထုတ်လုပ်ထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာဖြစ်ပီး အဆိုပါ ကာကွယ်ဆေးကို ထိုးနှံပြီးသူတိုင်းဟာ အရက်ကို အနည်းဆုံး ၄၂ ရက်ကြာ မသောက်သုံးဘဲနေဖို့ လိုမယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

အကြောင်းကတော့ အရက်က Covid-19 ကို ခုခံတိုက်ထုတ်ပေးမယ့် ကိုယ်ခံအားကို ကျဆင်းစေနိုင်တာ​ကြောင့် ဖြစ်သလို အရက်သောက်သုံးမှုက ကိုယ်ခံအား တက်သင့်သလောက် မတက်တာကြောင့်လို့ ဆိုပါတယ်။

ဒါဆို မြန်မာနိုင်ငံမှာ ထိုးနှံပေးမယ့် Covishield ကာကွယ်ဆေး ထိုးရင်ရော အရက်ရှောင်ဖို့ လိုမလားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

အရက်က ကျန်းမာရေးကို ထိခိုက်စေသလို၊ အသည်းပျက်စီးတာ၊ အသည်းကင်ဆာနဲ့ အသည်းအဆီဖုံးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။

အရက်က နာတာရှည် ရောဂါတွေ ဖြစ်စေနိုင်သလို ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး ဖျားနာလွယ်တာ၊ ရောဂါကူးစက်လွယ်တာတွေကိုလည်း ဖြစ်စေနိုင်သလို အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် ခန္ဓာကိုယ်ကျန်းမာစေဖို့ဆိုရင် အရက်ကို ရှောင်ဖို့ လိုပါမယ်။

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရက်ရှောင်ဖို့ လိုသလို ကာကွယ်ဆေးထိုးနှံတဲ့အခါ ဆေးအာနိသင် ထိရောက်စေဖို့အတွက်လည်း Covishield ကာကွယ်ဆေး ထိုးနှံတဲ့အခါ အရက်သောက်သုံးတာမျိုး မလုပ်ဖို့ လိုပါတယ်။

ကာကွယ်ဆေးက ၂၁ ရက်ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ရောဂါကို ချက်ချင်း ကာကွယ်နိုင်ဦးမှာ မဟုတ်သေးဘဲ လုံလောက်တဲ့ ကိုယ်ခံအားစနစ်  ရရှိစေဖို့အတွက် ၁၄ ရက် စောင့်ရပါမယ်။

ကာကွယ်ဆေးထိုးတဲ့အခါ ကိုယ်ခံအားကျတာမျိုး၊ အရက်ကြောင့် အသည်းကို ထိခိုက်တာပြီး ဆေးအာနိသင် ထိရောက်မှုကို ထိခိုက်တာမျိုး၊ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်နိုင်တာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဆေး မထိုးခင် ၂ ပတ် အလိုကစလို့ ကာကွယ်ဆေး ထိုးနေစဉ်နဲ့ ထိုးပြီး ၄၅ ရက်ကြာတဲ့အထိ အရက်ကို ရှောင်ဖို့ လိုပါမယ်။

ဒါမှ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်နိုင်လောက်တဲ့အထိ အကောင်းဆုံး တုံ့ပြန်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေး ထိရောက်စေဖို့ အရက်ကို ရှောင်ဖို့ အကြံပြုပါရစေ။

ကာကွယ်ဆေး ထိုးပြီးသည့်တိုင်အောင် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာလိုမျိုး ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကိုတော့ ဆက်လက်လုပ်ဆောင်နေဖို့ လိုဦးမှာပါ။

ရေးသားသူ Aye Thi Mon

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

2 years Ago
Up