COVID -19 ရောဂါပိုးမတွေ့ရှိ

July 5, 2020

လူနာအမှတ် ၂၂၂၊ ၂၈၉ နှင့် ၂၉၀ တို့ကို ဒုတိယအကြိမ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက လူနာအမှတ် ၂၂၂၊ ၂၈၉ နဲ့ ၂၉၀ တို့ကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ပိုးမတွေ့ရှိဘဲ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၄၀ ရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၄ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၁၇ ခု စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ဆိုပါတယ်။ မနေ့ညက ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၆၅၅ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)က ၂၇၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)က ၂၂၆ ခု နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၂၂၇ ခု စုစုပေါင်း ၁,၅၉၉ ခုကို  စစ်ဆေးရာမှာတော့ လူနာသစ် ၇  ဦး ထပ်တွေ့ခဲ့ပါတယ်။ လူနာသစ်တွေကတော့ အိန္ဒိယက ပြန်လာတဲ့ တပ်မတော်သား သင်တန်းသား စစ်သည် ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အမျိုးသား ၃ ဦး၊ လာအိုကပြန်လာတဲ့ အမျိုးသား ၁ ဦး၊ ထိုင်းက ပြန်လာတဲ့ အမျိုးသား ၁ ဦးနဲ့ စင်ကာပူက ပြန်လာတဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပြီး အားလုံးဟာ အသွားအလာကန့်သတ်ထားရှိခံနေရသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၀ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ  ၂၂၆ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဒသမ ၁၃ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၃ သောင်းကျော်နဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၆ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
10 months Ago

May 21, 2020

ဘူးသီးတောင်တွင် Quarantine ဝင်နေသူ ၁၀ ဦး COVID -19 ရောဂါပိုးမတွေ့ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ Quarantine ဝင်နေသူ ၁၀ ဦးကို  COVID -19 အရေးပေါ်ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ အားလုံး  Negative အဖြေတွေ့ရပြီး  ရောဂါပိုးမတွေ့ရှိဘူးလို့ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။ "အရေးပေါ်ဓာတ်ခွဲစစ်ဆေးသူတွေအားလုံး ပိုးမတွေ့ရပါ။ အားလုံး Negative ဖြစ်ပါတယ်။ မနေ့က ည ၇ နာရီမှာ ထုတ်ပြန်တဲ့ ဓာတ်ခွဲစစ်ဆေးချက် အဖြေကိုသိရတာပါ။ ဒီအထဲမှာ Hospital Quarantine ထားရှိသူ ၃ နဲ့ Facility Quarantine ၇ ဦး ပါဝင်ပါတယ်။" Hospital Quarantine ထားရှိသူ ၃ ဦးမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ COVID- 19 ရောဂါပိုးတွေ့ရှိသူ လူနာနံပါတ် ၁၈၂ နဲ့အတူ  မလေးရှားနိုင်ငံမှ ပြန်လာတဲ့သူတွေဖြစ်ပြီး ဘူသီးတောင်မြို့က အမျိုးသား ၂ ဦးနဲ့ မောင်တောမြို့က အမျိုးသား ၁ ဦး တို့ ပါဝင်ပါတယ်။ ကျန် ၇ ဦးကတော့  ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ကြပြီး Facility Quarantine အဖြစ် အသွားအလာကန့်သတ်ထားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အာခေါင်နဲ့ နှာခေါင်းတို့ပတ် ဓာတ်ခွဲနမူနာကို မေလ ၁၈ ရက်က အမျိုးသားဓာတ်ခွဲခန်းရန်ကုန်သို့ ပို့ဆောင်ထားခဲ့တာဖြစ်ပြီး မေလ ၂၀ ရက်ညမှာ ပိုးမတွေ့ရှိရကြောင်း အဖြေသိရှိခဲ့တာ ဖြစ်ပါတယ်။ လင်းလက်
11 months Ago
Up