COVID-19 ရောဂါပိုး

May 22, 2020

ပုသိမ်တွင် Quarantine ဝင်နေသည့် သတင်းထောက် ၂ ဦးအပါအဝင် ၅ ဦးတွင် COVID-19 ရောဂါပိုး မတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ COVID-19 ရောဂါ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ နဲ့ ထိတွေ့ခဲ့တဲ့ သတင်းထောက် ၂ ဦးအပါအဝင် စေတနာ့ဝန်ထမ်း ၃ ဦးရဲ့ ဓာတ်ခွဲစစ်ဆေးချက် ရလဒ်အဖြေမှာ ရောဂါပိုးတွေ့ရှိဘူးလို့ သိရပါတယ်။ ပုသိမ်အခြေစိုက် DNA သတင်းဌာနက ကိုမျိုးစံစိုးက "မေ ၂၁ရက်ညက  အဖြေထွက်တော့ အသွားအလာကန့်သတ်ခံထားရတဲ့ ၅ ဦးလုံး ပိုးမတွေ့ဘူး အဖြေထွက်တယ်လို့ တာဝန်ရှိသူတွေက ပြောတယ်။ မနက်ဖြန်တော့ မနက်ပိုင်းပြန်ရမယ် ပြောတယ်"လို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၂၁ ရက်  ည ၈ နာရီအချိန် သတင်းထုတ် ပြန်ချက်မှာ ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ လူနာ အသစ်မရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မေလ ၁၁ ရက်က မလေးရှားနိုင်ငံကနေ ပြန်လာတဲ့သူ ၁၈ ဦးကို ပုသိမ်တက္ကသိုလ် အတွင်းက Quarantine မဝင်ခင် သတင်းသွားရောက်ယူခဲ့တဲ့ သတင်းထောက် ၂ ဦးနဲ့ ပုသိမ် စေတနာ့ဝန်ထမ်း ၃ ဦးဟာ မလေးရှာနိုင်ငံက ပြန်လာတဲ့သူတွေထဲက လူနာအမှတ် ၁၉၁ မှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ထိတွေ့မှုမရှိသော်လည်း စိတ်ချရအောင် ၅ ဦးလုံးကို Quarantine ထားပြီး ဆေးစစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "ရောဂါပိုးတွေ့ရှိခဲ့တဲ့သူက ကျန်းမာရေးကောင်းပါတယ်။ ချောင်းဆိုးတာ၊ ဖျားနာတာ၊ ကိုက်ခဲတာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ စိတ်ချရအောင်လို့ သူနဲ့ ပတ်သက်ခဲ့သူတွေကို စစ်ဆေးခဲ့တာပါ "လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ လူနာအမှတ် ၁၉၁ မှာ ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ ကုသဆောင်မှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကာ COVID-19 ရောဂါလက္ခဏာ ပြသတာ မရှိသေးဘူးလို့ ပုသိမ်ပြည်သူ့ဆေးရုံမှတာဝန်ရှိသူက ပြောပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
1 year Ago

April 30, 2020

ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၆ ဦးတွင် COVID-19 ရောဂါပိုးမတွေ့

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးရှိ COVID-19 စောင့်ကြည့်လူနာ ၆ ဦးရဲ့ဓာတ်ခွဲနမူနာကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနထံ ပေးပို့စစ်ဆေးရာမှာ ပြန်လည် ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရဘူးလို့  ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။ အဆိုပါစောင့်ကြည့်လူနာ ၆ ဦးရဲ့ ဓာတ်ခွဲအဖြေအရ ကျန်းမာရေးကောင်းမွန်သူတွေကို ဆေးရုံကဆင်းခွင့်ပြုပြီး ဆေးကုသဖို့ လိုအပ်သူတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးထား တယ်လို့ ​ဆိုပါတယ်။ ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်က ကရင်ပြည်နယ်အတွင်းက လူနာ​တွေပဲ။ အဖြေက ညကထွက်တယ်။ အားလုံး Negative ပဲ။ ဆေးရုံက ဆင်းခွင့်ပေးမယ်။ ရောဂါအလိုက် ကျန်တဲ့သူ ဆေးကုသမှုတွေ ဆက်လုပ်မယ်”လို့ ပြောပါတယ်။ ဧပြီ ၂၉ ရက်အထိ ဘားအံဆေးရုံကြီးကို COVID-19 ရောဂါစောင့်ကြည့်လူနာ ၂ ဦးထပ်မံရောက်ရှိလာတဲ့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ထပ်မံ ပေးပို့ထားပြီး အဖြေစောင့်ဆိုင်းနေပါတယ်။ ဒီကနေ့ထိ မြန်မာနိုင်ငံအတွင်းမှာ COVID-19 အတည်ပြုလူနာ  ၁၅၀ ဦး၊ ​သေဆုံးသူ ၆ ဦး ရှိပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago

မကွေးတိုင်းအတွင်း သေဆုံးသွားသည့် စောင့်ကြည့် လူနာ  ၁၉ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ

မကွေးတိုင်းဒေသကြီးရှိ ဆေးရုံတွေမှာ ဖေဖော်ဝါရီလကနေ ဧပြီလကုန်အတွင်း သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာ ၁၉  ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက "မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ စောင့်ကြည့် လူနာ  ၁၄၈ ဦး တက်ရောက်ကုသခဲ့ပြီး ၁၉ ဦးသေဆုံးခဲ့တာပါ။ သေဆုံးခဲ့တဲ့သူတွေအပါအဝင် စောင့်ကြည့် လူနာအားလုံးရဲ့ နှာခေါင်းတို့ဖတ် ၊ လည်ချောင်းတို့ဖတ်တွေ ရယူပြီး ဓာတ်ခွဲနမူနာ ပေးပိုးစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမတွေ့ရှိပါဘူး။ သေဆုံးခဲ့တဲ့ လူနာတွေဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အသည်းခြောက်၊ နှလုံးရောဂါအပြင် ပြင်းထန်တဲ့ နောက်ခံရောဂါတွေကြောင့် သေဆုံးခဲ့ကြတာပါ” လို့ ဒီဗွီဘီကို  ပြောပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ် ၅၃ ဟာလည်း ကျန်းမာရေး ကောင်းမွန်နေပြီး ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မင်းထီး
1 year Ago
Up