COVID-19 ရောဂါကူးစက်ခံရသူ

A d v e r t i s e m e n t With Us

May 5, 2020

COVID-19 ရောဂါကူးစက်ခံရသည့် သတင်းထောက်ကို ငွေကျပ်၂ သိန်းထောက်ပံ့မည်

COVID-19 ကပ်ရောဂါကာလအတွင်း မြေပြင်မှာ ကွင်းဆင်းသတင်းရယူရင်း Quarantine ဝင်ရတာနဲ့ ရောဂါကူးစက်ခံရင် ငွေကျပ် ၂ သိန်းထောက်ပံ့မယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားနေပြီး သတင်းမီဒီယာသမားတွေလည်း ရောဂါနဲ့ဆက်နွှယ်ပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေအတွက် လိုအပ်တာတွေကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်ဖို့ ကိုဗစ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း ၁၀၀  မတည်ထားတယ်လို့ ဆိုပါတယ်။ ရန်ပုံငွေ ခံစားရမယ့် သတင်းမီဒီယာသမားတွေဟာ သက်ဆိုင်ရာသတင်းမီဒီယာတိုက်က ထောက်ခံစာ၊ ကိုဗစ်ကာလအတွင်း သတင်းရယူသူ ဖြစ်တာ၊ Quarantine ဝင်ရောက်နေတာကို သက်ဆိုင်ရာက အတည်ပြု ထောက်ခံပေးတာတွေရှိရမှာဖြစ်ပြီး၊ ဒီလိုတင်ပြရမယ့်လိုအပ်တဲ့ အချက်အလက် အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို လာရောက်လှူဒါန်းတဲ့ အလှူပစ္စည်းတွေနဲ့ အလှူငွေရရှိမှုအပေါ်မူတည်ပြီး ဆန်၊ ဆီနဲ့ အခြားကူညီထောက်ပံ့မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုးညှင်းမြို့က သတင်းထောက်တဦးရဲ့ မိသားစုဝင်တစ်ဦး ပိုးတွေ့လူနာနဲ့ ထိတွေ့ရာကနေ  အဆိုပါသတင်းထောက်တဦးလည်း မိုးညှင်းနေအိမ်မှာဘဲ Home Quarantine ဝင်နေရပါတယ်။
10 months Ago

April 28, 2020

မြန်မာနိုင်ငံတွင်  COVID-19 ရောဂါကူးစက်ခံရသူ အသစ်မတွေ့ရှိသေး

ဧပြီ ၂၈ ရက်မနက်အစောပိုင်းက  ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ဓာတ်ခွဲနမူနာတွေမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၅ ခုနဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၂၃၀ ခု စုစုပေါင်း ၃၄၅ ခုကို စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီမနက် ၇ နာရီ အချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၄၆ ယောက်တွေ့ခဲ့ပြီဖြစ်ပြီး အဲဒီထဲက ရောဂါပိုးကင်းစင်သူ ၁၀ ယောက်နဲ့ သေဆုံးလူနာ ၅ ယောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ  ဒီကနေ့အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ၇၀၀၀ ကျော်အနက်မှာ  ၁၄၆ ဦး မှာရောဂါတွေ့ရှိရပြီး ဓာတ်ခွဲစစ်ဆေးမှုရဲ့ ၂ ရာခိုင်နှုန်းကျော်မှာ ရောဂါစစ်ဆေး တွေ့ရှိရတာဖြစ်ပါတယ်။ လူနာတွေကို နိုင်ငံတဝန်း မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ တွေ့ရှိရပြီး  ရောဂါဖြစ်ပွားတဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်း (၂၈) မြို့နယ်၊ မန္တလေးတိုင်း (၃) မြို့နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ (၂) မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နဲ့ မကွေးတိုင်းမှာ  (၁) မြို့နယ်စီ ရှိပါသည်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် (၅) ခုဖြစ်တဲ့ ကရင်၊ တနင်္ဿာရီ၊ ဧရာဝတီ၊ ရခိုင်နဲ့ ကယားပြည်နယ်မှာတော့  ရောဂါပိုးတွေ့လူနာ မရှိသေးဘူးလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 
10 months Ago
Up