COVID-19 ရန်ပုံငွေ

May 2, 2020

COVID-19 ရန်ပုံငွေအတွက် ဝန်ကြီးဌာနများကို ခွင့်ပြုဘတ်ဂျက် သိန်း ၂၀၀၀ စီ ပြန်သွင်းခိုင်း

COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ရန်ပုံငွေအတွက် ဝန်ကြီးဌာနတခုဆီကနေ ကျပ်သိန်း ၂၀၀၀ စီ ပြန်လည်သွင်းခိုင်းထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့က မေလ ၁ ရက်နေ့ သတင်းထောက်တွေနဲ့ Video Conferencing ပြုလုပ်ရာမှာ ပြောကြားခဲ့တာပါ။  COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် နိုင်ငံအတွင်းက နိုင်ငံပိုင်အဆောက်အဦတွေ အားလုံးကို လိုအပ်ပါက သုံးစွဲနိုင်ဖို့ ခွင့်ပြုပေးထားသလို ဘတ်ဂျက်အနေနဲ့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တောင်းခံသမျှ ခွင့်ပြုနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ “လွှတ်တော်တွေ ပြန်ခေါ်တယ်ဆိုတာက အဲ့တာတွေကိုလည်း ဖြည့်စွက်ဘတ်ဂျက်အနေနဲ့ အတည်ပြုဖို့ ရှိပါတယ်။ အခုလောလောဆယ် ဝန်ကြီးဌာနတိုင်းကနေပြီးတော့ ဝန်ကြီးဌာနတခုစီကို သိန်းနှစ်ထောင်စီပေါ့နော်၊ ဘတ်ဂျက်ကို ပြန်သွင်းခိုင်းထားတယ်။ သူတို့လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲကနေ လျှော့၊ လျှော့ပြီးတော့ ဒီ COVID Fund အတွက် ဘတ်ဂျက်ကို ထပ်တိုးဖို့ရှိပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တောင်းဆိုလာတဲ့ ဘတ်ဂျက်တွေကိုလည်း အတားအဆီးမရှိ မြန်မြန်ဆန်ဆန် ချပေးနေတဲ့အပြင် နောက်ထပ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အစိုးရက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။  လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဒီနေ့အထိ COVID-19 Positive လူနာ ၁၅၁ ဦးရှိနေပြီး အခုတိုးချဲ့စစ်ဆေးမှုတွေအရ လူနာအများအပြား တွေ့ရှိရမယ်ဆိုပါကလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ “အများကြီး၊ အများကြီးပေါ့နော်၊ အဲဒီလိုမျိုးဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတော့ ကျနော်တို့ကတော့ အကောင်းဆုံးတော့ ပြင်ထားတယ်။ လုံလောက်ပြီလားဆိုရင်တော့ ကျနော်တို့အနေနဲ့ လည်း ၁၀၀ ရာခိုင်နှုန်း လုံလောက်ပြီလို့ ဘယ်နိုင်ငံမှ မပြောနိုင်သေးဘူးပေါ့နော်၊ ကျနော်တို့လည်း လုံလောက်ပြီလို့ မပြောနိုင်ဘူး။ သို့သော် အကောင်းဆုံးဖြစ်အောင်တော့ သူ့ပြည်နယ်/တိုင်းအလိုက် ပြင်ဆင်ထားတယ်လို့ ပြောချင်ပါတယ်။” လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ဝန်ကြီးဌာန စုစုပေါင်း ၂၄ ခုရှိပြီး အခုလို ဝန်ကြီးဌာန တခုစီကနေ ကျပ်သိန်း ၂ ထောင် ပြန်လည်တောင်းခံထားတဲ့အတွက်  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ရန်ပုံငွေအဖြစ် ကျပ်ငွေ သိန်း ၄၈၀၀၀ ကို ထပ်တိုးသုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago

March 28, 2020

COVID-19 ရန်ပုံငွေအတွက်  ဆလီနာဂိုးမက်ဇ်၏ သီချင်းသစ် (ရုပ်သံ) 

ပရိသတ်အချစ်တော် နာမည်ကြီး ပေါ့ပ်စတား အဆိုတော် သရုပ်ဆောင်မင်းသမီး ဆလီနာဂိုးမက်ဇ်ရဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ ၂ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ Dance Again လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကတော့ သူ့ရဲ့ တတိယမြောက် တကိုယ် တော်ဆိုလိုတေးအယ်လ်ဘမ်တချပ်ဖြစ်တဲ့ Rare ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ အမိုက်စား အကအလှလှုပ်ရှားမှုတွေနဲ့ သရုပ်ဆောင်ထားတဲ့ ဒီသီချင်းရုပ်သံကနေ ရရှိမယ့် ငွေကြေးတစိတ်တပိုင်းကိုတော့ လတ်တလော ကမ္ဘာ့ကပ်ရောဂါတခုလိုဖြစ်လာ နေတဲ့ COVID-19 ရန်ပုံငွေအဖွဲ့ MusiCares ကို လှူဒါန်းသွားမယ်လို့ ပေါ့ပ်စတားက သူ့ရဲ့ အင်စတာဂရမ်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပရိသတ်တွေကို မျှဝေအသိပေးထားခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးဘဝတည်းက ရုပ်သံစီးရီးစ်တွေမှာ သရုပ်ဆောင် ရင်း အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ ဆလီနာဟာ လက်ရှိမှာလည်း ရုပ်သံစီးရီးစ် တွေနဲ့ ရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်နေတာပါ။ ဂီတဘက်မှာတော့ Selena Gomez & the Scene ဆိုတဲ့အမည်နဲ့ ပေါ့ပ်တေးဂီတ အဖွဲ့နဲ့အတူ စတင်လှုပ်ရှားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပထမဆုံးတေးအယ်လ်ဘမ် Kiss & Tell ၊ ၂၀၁၀ ပြည့်နှစ်မှာ A Year Without Rain နဲ့ ၂၀၁၁ ခုနှစ်မှာ When the Sun Goes Down တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပါတယ်။ အဲဒီနောက် တကိုယ်တော် ဆိုလိုတေးအယ်လ်ဘမ်‌တွေအနေနဲ့ ၂၀၁၃ ခုနှစ်မှာ Stars Dance ၊ ၂၀၁၅ ခုနှစ်မှာ Revival  နဲ့ အခုနှစ် ၂၀၂၀ ပြည့်နှစ်မှာ Rare အယ်လ်ဘမ် နောက်ဆုံးထွက်ရှိထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အသက် ၂၇ နှစ်အရွယ် အဆိုတော်ဟာ ဒီသီချင်းနဲ့အတူ Dance Again လိုဂိုပါ တီရှပ်နဲ့ ဟူဒီအမျိုးအစား ဝတ်စုံ ၃ မျိုးကိုလည်း ထုတ်လုပ်ထားခဲ့ ကာ ဒီကရရှိမယ့် ငွေတွေကိုလည်း COVID-19 ရန်ပုံငွေအဖွဲ့ဆီ လှူဒါန်းသွားမယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်မှာ https://www.selenagomez.com/ မှာလည်း ကြေညာထားပါတယ်။
2 years Ago
Up