COVID - 19 စောင့်ကြည့်လူနာ

March 29, 2020

မွန်ပြည်နယ်တွင် COVID-19 စောင့်ကြည့်လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 စောင့်ကြည့်လူနာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ရုတ်တရက် သေဆုံးသွားတယ်လို့ ကျိုက်ထိုမြို့နယ် ဆေးရုံအုပ် ဒေါက်တာစောကလျာက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။  ကိုယ်ဝန် ၄ လရှိပြီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံကနေ မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး နေအိမ်မှာ Home Quarantine ခံယူနေတာပါ။  Home Quarantine ခံယူနေစဉ် သူ့အမျိုးသားကို ရဟန်းခံတာလုပ်တွေ လုပ်ဆောင်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာတော့ သေဆုံးသူ အမျိုးသမီးဟာ ဖျားတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။  အဲဒီနောက် အမျိုးသမီးဟာ နေ့လယ်ပိုင်းလောက်မှာ အဖျားကျသွားလို့ ခေါင်းလျှော်တာတွေ ပြုလုပ်ခဲ့ပြီး မတ်လ  ၂၈ ရက်နေ့ ည ၁၀ နာရီမှာတော့ ရုတ်တရက် အပူချိန်တွေ မြင့်တက်ပြီး သတိလစ်သွားခဲ့တာပါ။ သတိလစ်ပြီးနောက် ကျိုက်ထိုဆေးရုံမှာ တက်ရောက်ကုသစဉ် မတ် ၂၉ ရက်နေ့ မနက် ၄ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဒေါက်တာစောကလျာက ပြောပါတယ်။  အခုအခါ သေဆုံးသူ အမျိုးသမီးရဲ့ စစ်ဆေးချက်တွေကို အမျိုးသားဓာတ်ခွဲခန်းဌာနကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 
1 year Ago

အင်းစိန်က Covid-19 စောင့်ကြည့်လူနာ ကျောက်ဖြူမြို့နယ်ထဲကို တိမ်းရှောင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အင်းစိန်မြို့နယ်က စောင့်ကြည်လူနာဟာ ဇာတိ ကျောက်ဖြူမြို့နယ် စနဲကျေးရွာကို မိသားစုလိုက် တိမ်းရှောင်လာတာကြောင့် ဒေသခံတွေက စိုးရိမ်တဲ့အတွက် စနဲဆေးရုံမှာထားရှိပြီး စစ်ဆေး လုပ်ဆောင်သွားမယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။  “သူ့ကို နေအိမ်မှာ စောင့်ကြည့်လူနာအနေနဲ့ ထားတာကိုမနေဘဲနဲ့ မိန်းမနဲ့ ကလေးကိုခေါ်ပြီးတော့ ရန်ကုန်ကနေ ကားငှားပြီးတော့ သူရဲ့ဇာတိကို ပြန်လာကြတာပေါ့၊ သူတို့က မတ် ၂၆ ရက်နေ့ ည ၈ နာရီလောက်ကို ရောက်လာကြတယ်။ အခုတော့ သူ့ကို သံသယလူနာအဖြစ်နဲ့ စနဲမြို့ဆေးရုံမှာပဲ သီးသန့်စောင့်ကြည့်ထားတယ်။” ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက “လောလောဆယ်တော့ စနဲဆေးရုံမှာပဲ စောင့်ကြည့်ထားပါတယ်၊ မနက်ဖြန်ကျရင်တော့ သူရဲ့ နှာခေါင်းတို့ဘတ်နဲ့ အာခေါင်တို့ဘတ် နမူနာကို ရန်ကုန်ကိုပို့ဖြစ်မှာပါ။ လက်ရှိတော့ စနဲဆေးရုံမှာ စီစဉ်ထားပါတယ” လို့ ပြောပါတယ်။ အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ မတ်  ၂၅ ရက်နေ့မှာ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် အင်္ဂလန်နိုင်ငံမှ ပြန်လာသူ ထိတွေ့မှုရှိခဲ့တယ်လို့ သိရပါတယ်။
1 year Ago

March 26, 2020

လှိုင်သာယာတွင် COVID - 19 စောင့်ကြည့်လူနာ သီးသန့်ထားရှိရန် ပြင်ဆင် 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာ COVID - 19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုတွေရှိလာရင် လှိုင်သာယာမြို့နယ်ခန်းမမှာ သီးသန့်ထားဖို့ လုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနအပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူး၊ လဝက ၊ စတဲ့ ဌာနဆိုင်ရာအသီးသီးတွေနဲ့ပူးပေါင်းပြီး COVID - 19 ဗဟိုအထောက်အကူပြု ကော်မတီ ဖွဲ့စည်းကာ COVID - 19 ရောဂါ ထိန်းချုပ်မှုတွေ ပြုလုပ်နေတယ်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။  ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကိုလည်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ လှိုင်သာယာမြို့နယ်မှာရှိတဲ့ နိုင်ငံခြားသားအများစုနေထိုင်တဲ့ အိမ်ရာတွေကိုလည်း ကျန်းမာရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးနဲ့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးမယ့်အပြင် စက်ရုံ ၊ အလုပ်ရုံတွေမှာ COVID - 19 ရောဂါ ထိန်းချုပ်နိုင်အောင် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ လှိုင်သာယာမြို့နယ်မှာ လက်ရှိအချိန်ထိတော့ COVID - 19 ရောဂါပိုးကူးစက်မှု တစ်ယောက်မှ မရှိသေးပေမယ့် သံသယနဲ့ စောင့်ကြည့်နေတဲ့ လူတွေကတော့ ရာဂဏန်းထိ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲ့ဒီ သံသယရှိနေတဲ့ လူတွေကိုတော့ အမြဲမပြတ် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 
1 year Ago
Up