COVID-19 ကူးစက်မှု

April 29, 2020

ရဲတပ်ဖွဲ့အတွင်း COVID-19 ကူးစက်မှုများလာသဖြင့်  ပီရူးပြည်ထဲရေးဝန်ကြီး နုတ်ထွက်

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကပ်ဘေးအတွင်း ရဲတပ်ဖွဲ့အရာရှိ ၁၃၀၀ အပါအဝင် ရဲတပ်ဖွဲ့အတွင်း ကူးစက်မှု တိုးမြင့်ခဲ့လို့ ပြည်ထဲရေးဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ အရာရှိ ၂၀ ဦး သေဆုံးမှု အပါအဝင် ကူးစက်ခံအရေအတွက်အသစ်ကို ကြေညာအပြီး နောက်နေ့မှာ ပြည်ထဲရေးဝန်ကြီး ကာလိုမိုရန်က ရာထူးက နုတ်ထွက်သွားခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးအသစ်အနေနဲ့ ပီရူးအမျိုးသားရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးဆိုင်ရာ ညွှန်မှူး ဂတ်စ်တန်ရိုဒရီဂက်ဇ်က အမြန်ပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ မိုရန်ဟာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် နုတ်ထွက်ခဲ့တာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရဲတပ်ဖွဲ့အတွင်း လတ်တလော သတင်းကြီးနေတဲ့ တကိုယ်တော် ကာကွယ်ရေး ဝတ်စုံတွေ ဝယ်ယူမှုမှာ အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်နေလို့ နုတ်ထွက်တာဆိုတဲ့ အချက်ကိုတော့ ဝန်ကြီးချုပ်က ငြင်းပါတယ်။ ထောင်နဲ့ချီတဲ့ အရာရှိတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ အမြန်စစ်ဆေးမှု ခံယူနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတွေဟာ စမ်းသပ်မှု ၂၄,၀၀၀ ပြုလုပ်ခဲ့ပါတယ်။
1 year Ago

March 24, 2020

ထိုင်းတွင်  COVID-19 ကူးစက်မှုထိန်းချုပ်ရန် အရေးပေါ်ကာဖျူးအမိန့်ထုတ်ပြန် 

ထိုင်းနိုင်ငံမှာ  COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကူးစက်ခံရသူတွေ နေ့စဉ် တိုးပွားလာတာကို အရှိန်မြှင့်ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ်က လမ်းပေါ်မထွက်ရ အရေးပေါ် အမိန့်ကို ဒီကနေ့ မတ် ၂၄  ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ သတ်မှတ်ချိန်အတွင်း တာဝန်ရှိသူမှအပ မည်သူမဆို ခွင့်ပြုချက်မရဘဲ အပြင်မထွက်ရ။ မည်သည့်နေရာတွင်မဆို ဆူပူမှု၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်စေသည့် လူစုလူဝေးများ မပြုလုပ်ရ။ အရေးပေါ်အခြေအနေ ထုတ်ပြန်ကာလတွင်း အများပြည်သူ စိုးရွံ့ထိတ်လန့်စေသော၊ ထင်ယောင်ထင်မှားဖြစ်စေတဲ့ မဟုတ်မမှန် သတင်းအချက်အလက်များ ရေးသားထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း၊ တင်ပြခြင်းများ မပြုလုပ်ရလို့ ပါရှိပါတယ်။ ဒါ့အပြင် တာဝန်ရှိသူမှအပ ကန့်သတ်ထားတဲ့ လမ်းမပေါ် မထွက်ရ၊ ယာဉ်များအသုံးမပြုရ ။  ကန့်သတ်ထားသည့် အဆောက်အဦများတွင် ဝင်ရောက်ခြင်း နေထိုင်ခြင်းများ မပြုရ။ စိတ်မချရသောဧရိယာတဝိုက် နေထိုင်သည့်ပြည်သူများအား ဘေးအန္တရာယ် ကင်းစေရန် ရွှေ့ပြောင်းခြင်း၊ သို့မဟုတ် ကန့်သတ်ထားသောနေရာသို့  ဝင်ရောက်မှုတားမြစ်တာတွေလည်း ပါဝင်ပါတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို မလိုက်နာပါက ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၄၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။ အဆိုပါထုတ်ပြန်ချက်တွေဟာ လာမယ့် မတ် ၂၆ ရက်နေ့မှာ စတင် အသက်ဝင်မှာ ဖြစ်ကြောင်း၊  တပြိုင်တည်းမှာပဲ တာဝန်ယူဆောင်ရွက်မယ့် ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ ဝန်ကြီးချုပ် ပရယုဒ် ကျန်အိုးချားက ပြောပါတယ်။
1 year Ago
Up