COVID-19 ကာလ

A d v e r t i s e m e n t With Us

May 12, 2020

COVID-19 ကာလ ဟင်္သာတခရိုင်တွင် နွေစပါးစျေးတက်သဖြင့် တောင်သူများ စျေးကောင်းရ

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းက ဆည်ရည်သောက် နွေစပါး စိုက်မြို့နယ်တွေဖြစ်တဲ့ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့မှာ COVID-19 ကာလအတွင်း နွေစပါး ဈေးနှုန်းမြင့်တက်လာတဲ့အတွက် တောင်သူတွေအရောင်းအဝယ်ဖြစ်ပြီး စျေးကောင်းရနေကြပါတယ်။ အင်္ဂပူမြို့နယ် နွေးစပါးအရောင်းအဝယ်ကုန်သည် အောင်သန်းဌေးက "မနှစ်ကထက် ဒီနှစ် ဈေးကောင်းပါတယ်။ စိုက်ပျိုးသူတွေ အဆင်ပြေတာပေါ့။ အစက ကျပ် ၄ သိန်းဝန်ကျင်ကနေ အခု လက်ရှိ အနေအထားမှာတော့ ၅၁ ပေါင်ကို ကျပ် ၄၇၀၀၀၀ သောင်းလောက် စပြီးဝယ်နေရ တယ်လေ။ စပါးခြောက်ရင်တော့ ၅ သိန်းအပေါ်မှာ ရှိပါတယ်။ ခုစိုက်ပျိုးသူတွေက ပိုအဆင်ပြေနေ တယ်။ ရိတ်သိမ်း‌ ခြွေလွေ့စက်တွေနဲ့ပဲ ရိတ်သိမ်းနေတော့ တောင်သူတွေ ဝန်ကင်းတာပေါ့ဗျာ” လို့ ပြောပါတယ်။ နွေးစပါးကိုအများဆုံး မနောသုခအုပ်စု သက်နုစပါးတွေကို စိုက်ပျိုးကြပြီး တစ်ဧက ကို ၁၁ဝ တင်းထွက်ရှိနေကြတာပါ။ နွေးစပါးတောင်သူတဦးဖြစ်တဲ့ မဲဇလီကုန်းဒေသနေ ဦးငဌေးက "ဒီနှစ်အထွက်နှုန်းလည်း တက်လာတယ်။ ဈေးလည်းကောင်းပြီး အဝယ်လိုက်တော့ အဆင်ပြေပါတယ်။ ရိတ်သိမ်းခကလည်း မိုးထက်နွေးက သက်သာတယ်။ တစ်ဧကို မိုးတွင်းက ၄၅၀၀၀ လောက်ပေးပေမယ့် နွေကြတော့ ရိတ်သိမ်းစက်ပေါပြီး စျေးက ၃၅၀၀၀ ဝန်းကျင်ပဲဆိုတော့ အတော်လေအဆင်ပြေပါတယ်"လို့ ပြောပါတယ်။ လက်ရှိ နွေစပါးစျေးကွက်ဟာ ဒေသတွင်းကုန်သည်များသာဝယ်ယူနေကြပြီး ပြည်ပတင်ပို့ခွင့်ရရင် ဒီထက်ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဟင်္သာတခရိုင်အတွင်းမှာ နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်၊ ကွန်းချောင်းဆည်တို့ကရေကို ရယူပြီး နှစ်စဉ် နွေစပါး စိုက်ပျိုးနေကြတာပါ။ သတင်း - သန်းထိုက်မြင့်
10 months Ago

May 5, 2020

COVID-19 ကာလ ထိုင်းစစ်တပ်က ပြည်သူလူထုကို အခမဲ့ လိုက်လံ ဆံပင်ညှပ်ပေး 

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အစိုးရက ပြည်သူတွေကို မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ တဦးနဲ့တဦး ခပ်ခွာခွာနေဖို့အပြင် ဆံပင်ညှပ်ဆိုင်တွေ လည်း ပိတ်ထားတာကြောင့် ထိုင်းစစ်တပ်က ပြည်သူတွေကို အခမဲ့ ဆံပင်ညှပ်ပေးနေပါတယ်။  ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်အခြေစိုက် လက်နက်ကြီးတပ်ရင်းက ဝန်ဆောင်မှုဆိုင်ရာ တပ်ဖွဲ့ဝင်တွေဟာ တပ်နယ်မြေအနီးနားတဝိုက်ရှိ ပြည်သူတွေ သက်သာချောင်ချိရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး ဆံပင်ညှပ်ပေးခဲ့ကြတယ်လို့ ဘန်ကောက် bangkokbiznews သတင်းက ဖော်ပြပါတယ်။  အဲဒီလို ဆောင်ရွက်ရာမှာ COVID-19 ကာကွယ်တဲ့အနေနဲ့ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေဟာ Face Shield ခေါ် မျက်နှာကာမှန်၊ မျက်နှာဖုံးစွပ်နဲ့ လက်အိတ်တွေပါ ဝတ်ထားရပြီး ကိုယ်အပူချိန်ပါ အရင်ဆုံး တိုင်းတာရတယ်လို့ ဆိုပါတယ်။  ဆံပင်ညှပ်ခံမယ့်သူဟာလည်း ကိုယ်အပူချိန်တိုင်း၊ မျက်နှာဖုံးတပ်ကာ တဦးနဲ့တဦး ခပ်ခွာခွာ နေရပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောပါ ဂျယ်လီနဲ့ လက်ဆေးရပြီး ဆံပင်ညှပ်ရာမှာ သင်တုန်းဓားကို အသုံးမပြုရဘူးလို့ ဆိုပါတယ်။  အလားတူ ထိုင်းမြောက်ပိုင်း နန့်ခရိုင် အမှတ် ၁၅ ကြည်းတပ် တပ်ရင်းကလည်း တပ်အနီးနားရှိ ပြည်သူတွေကို ဆံပင်ညှပ်ဝန်ဆောင်မှုပေးနေတယ်လို့  onbnews.today သတင်းမှာ ဖော်ပြပါတယ်။  ဒီဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အမှတ် ၁၅ ဒု-တပ်ရင်းမှူး ဗိုလ်မှူးကြီးဘန်းဒစ်ချဝါးကန်ထဟာ က COVID-19 ကာလ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး အစစချွေတာသုံးစွဲနေရချိန်မှာ သက်သာ ချောင်ချိရေးအတွက်ရော ဆံပင်ညှပ်ဆိုင်တွေ ပိတ်ထားတဲ့အချိန် အဆင်ပြေစေဖို့  ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း၊ သူတို့ ကြည်းတပ်မတော်ရဲ့ မူဝါဒထဲမှာလည်း စစ်တပ်ဟာ ပြည်သူတွေ အကျပ်အတည်းဖြစ်ချိန်၊ အခက်အခဲဖြစ်ချိန်မှာ ကူညီအားပေးရမယ်လို့  ချမှတ်ထားတာကြောင့် ဆောင်ရွက်ပေးတာလို့ သတင်းထောက်ကို ပြောပါတယ်။  ဆံပင်ညှပ်လိုတဲ့ ပြည်သူတွေဟာ သူကြီး/ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကနေတဆင့် စစ်တပ်ကို ကြိုတင်စာရင်း ပေးထားရပြီး  စစ်တပ်ဆံပင်ညှပ်သမားတွေကလည်း စာရင်းထဲပါတဲ့ ရပ်ရွာတွေကို လိုက်လံဝန်ဆောင်မှုပေးတယ်လို့  ဗိုလ်မှူးကြီး ဘန်းဒစ်က ပြောသွားပါတယ်။  ကိုးကား-Bangkokbiznews  
10 months Ago
More News
Up