COVID-19 ကာကွယ်ဆေး

May 19, 2020

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ စမ်းသပ်ချက် COVID-19 ကာကွယ်ဆေးအတွက် အလားအလာကောင်း 

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ရဲ့ စမ်းသပ်ချက် COVID-19 ကာကွယ်ဆေးဟာ   ကနဦးအဆင့်မှာ အလားအလာကောင်းတာကို တွေ့ရတယ်လို့ ကုမ္ပဏီက မေ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ စမ်းသပ်ကာကွယ်ဆေးဟာ လူနာတွေရဲ့ COVID-19 ဗိုင်းရပ်စ်ကို သုတ်သင်နိုင်တဲ့  ပဋိပစ္စည်းတွေကို ထုတ်ပေးတယ်လို့ Moderna က ပြောပြီး ကုမ္ပဏီရှယ်ယာဈေးလည်း ၂၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ စမ်းသပ်ကာကွယ်ဆေးက ထုတ်ပေးတဲ့ ပဋိပစ္စည်းအဆင့်ဟာ COVID-19 ရောဂါကနေ ပြန်ကောင်းလာသူတွေရဲ့ သွေးနမူနာက ပဋိပစ္စည်းအဆင့်နဲ့ ဆင်တူတယ်လို့  အမျိုးသားသုတေသနဌာနရဲ့ ကနဦးရလဒ်တွေက ဖော်ပြနေပါတယ်။  စမ်းသပ်ခံသူတွေကို ကာကွယ်ဆေးပမာဏ အမျိုးမျိုးပေးပြီးနောက် ကိုယ်တွင်း ခုခံတုံ့ပြန်နိုင်စွမ်း တိုးလာတာ တွေ့ရှိရတယ်လို့ မိုဒဲနာကုမ္ပဏီက ပြောပါတယ်။ COVID-19 ရောဂါအတွက် ကမ္ဘာတဝန်း ကာကွယ်ဆေးထုတ်ဖို့ ကြိုးပမ်းရာမှာ Moderna ဟာ ဦးဆောင်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းက စည်းမျဉ်းသုံးသပ်ချက်ကို အမြန်ဆောင်ရွက်ခဲ့ပါတယ်။ Moderna အနေနဲ့  နှောင်းပိုင်း ကာကွယ်ဆေးစမ်းသပ်မှုတွေကို ဇူလိုင်လမှာ  စတင်သွားဖို့ မျှော်လင့်နေပါတယ်။
11 months Ago

May 5, 2020

COVID-19 ကာကွယ်ဆေး ရှာဖွေရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရှာဖွေရာမှာ နိုင်ငံတကာက ပွင့်လင်းမြင်သာမှု ရှိရှိ ဘက်မလိုက်ဘဲ သိပ္ပံပညာရပ်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေလ ၃ ရက်မှာ ဆော်သြလိုက်ပါတယ်။ အီတလီနိုင်ငံထဲမှာ အသွားအလာပိတ်ဆို့ ကန့်သတ်ထားလို့ စိန့်ပီတာ ရင်ပြင်မှာ မိန့်ခွန်းပြောမယ့်အစား ပုပ်ရဟန်းမင်း စာကြည့်တိုက်ကနေ မိန့်ခွန့်ပြောရင်း ပုပ်ရဟန်းမင်းကြီးက ခုလို တိုက်တွန်းလိုက်တာပါ။ မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ပေးကြတဲ့ ကမ္ဘာတဝန်းက လူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။  ကမ္ဘာ့အစိတ်အပိုင်းအားလုံးရှိ  ကူးစက်ခံ လူတယောက်တိုင်း လိုအပ်တဲ့ ဆေးဝါးကုသမှုကို လက်ခံရရှိဖို့ မရှိမဖြစ် နည်းပညာတွေကို လူတိုင်း လက်လှမ်းမီရေး အာမခံပေးဖို့က အရေးကြီးတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ လူသားထုသဟာယစိတ်ဓာတ်ရေးရာ အဆင့်မြင့်ကော်မတီလို့ သိကြတဲ့ ဘာသာပေါင်းစုံ အုပ်စုက အဆိုတင်သွင်းမှုကိုလည်း ပုပ်ရဟန်းမင်းကြီးက ထောက်ခံပါတယ်။ ကူးစက်ကပ်ဘေးကို လူသားထုတရပ်လုံး ကျော်လွှားနိုင်ရေး ဘုရားသခင်တွေက ကူညီဖို့ မေလ ၁၄ ရက်မှာ ဆုတောင်း ဥပုသ်ယူကြမယ့် နိုင်ငံတကာနေ့ကိုလည်း ကျင်းပဖို့ ရှိနေပါတယ်။ ဘာသာတရားအားလုံးက ယုံကြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ပူးပေါင်းပြီး ဝတ်ပြု ဥပုသ်ယူကြမယ် ပြီးတော့ ပရဟိတ အလှူတွေ လုပ်ကြမယ်လို့ ပုပ်ရဟန်း မင်းကြီးက ပြောပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ COVID-19 ရောဂါကုသဆေးနဲ့ စမ်းသပ်မှုတွေကို အရှိန်မြှင့် လုပ်ပြီး တကမ္ဘာလုံးနဲ့ ဖြန့်ဝေမယ်လို့ ဧပြီ ၂၄ ရက်က ကတိပြုခဲ့ ကြပါတယ်။  ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ဦးဆောင်မှုမှာတော့ အမေရိကန် အစိုးရက ပူးပေါင်းပါဝင်ခြင်းမရှိသလို ရန်ပုံငွေထည့်ဝင်တာကိုလည်း ရပ်ဆိုင်းထားပါတယ်။
11 months Ago
Up