COVID-19ရောဂါပိုးကင်းစင်

May 22, 2020

မကွေးတိုင်းက လူနာအမှတ် ၅၃ COVID-19 ရောဂါပိုး ကင်းစင်

မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲက လူနာအမှတ် ၅၃ ကို မေ ၂၁ ရက်နေ့က မကွေးပြည်သူ့​ဆေးရုံကြီးမှာ နောက်ဆုံးအကြိမ် ဆေးစစ်ခဲ့ရာမှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပိုး ကင်းစင်သွားပြီလို့ မကွေးတိုင်း ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။ “မြို့သစ်မြို့နယ်ထဲမှာ Facility Quarantine ပြုလုပ်ထားတဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ကိုသန်းထွန်း ဟာ ဧပြီလ ၃ ရက်နေ့မနက်ပိုင်းက COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး မကွေးပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်မှာ သီးခြားကြပ်မတ်ကုသပေးခဲ့ပါတယ်။ လူနာရဲ့ နှာခေါင်း တို့ဖတ် အာခေါင်တို့ဖတ်တို့ ရယူပြီး ဧပြီလ ၂၆ ရက်နဲ့ မေလ ၁ ရက်နေ့တွေမှာ ဓာတ်ခွဲအဖြေ Negative ထွက်လို့ မေလ ၃ ရက်နေမှာ ဆေးရုံဆင်းခွင့်ပေးလိုက်တာပါ။ လူနာအမှတ် ၅၃ ကို မြို့သစ်မြို့ Quarantine စင်တာမှာ ၇  ရက်၊ နေအိမ်မှာ ၇ ရက် Quarantine ပြုလုပ်ထားရာ ရက်ပြည့်လို့ ဆေးရုံမှာ ဆေးစစ်ပေးတာပါ။" မကွေးတိုင်းအတွင်းမှာ မေ ၁၉ ရက်နေ့မနက်ပိုင်းက မလေးရှားနိုင်ငံက ပြန်လာသူတဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး သင်ကြားရေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ သီးခြားထားရှိပြီး ကုသပေးနေတယ်လို့ ပြည်သူ့ကျန်မာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
11 months Ago
Up