City Hotel

April 9, 2020

City Hotel တွင် Quarantine လုပ်နေသူ ၁၀၀ ကျော် ရောဂါပိုးမတွေ့သဖြင့် နေအိမ်ပြန်

ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် City Hotel မှာ Quarantine လုပ်ပြီးနေထိုင်နေသူ ၁၀၀ ကျော် ရောဂါပိုးမတွေ့တာကြောင့် ဧပြီ ၉ ရက်နေ့က အိမ်ပြန်ကြပြီလို့ သိရပါတယ်။ သူတို့တွေဟာ ပြည်ပက ပြန်လည်ဝင်ရောက်လာပြီး ၁၄ ရက်ကြာ Quarantine လုပ်နေခဲ့ကြသူတွေပါ။ City Hotel မှာ Quarantine လုပ်သူစုစုပေါင်း ၁၂၃ ဦးရှိပြီး နိုင်ငံခြားသား ၅၇ နဲ့ မြန်မာနိုင်ငံသား ၇၀ကျော်ဖြစ်ပါတယ်။ ဧပြီ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသားအယောက် ၂၀ ကျော် အိမ်ပြန်သွားခဲ့ပြီး ဧပြီလ ၉ ရက်နေ့မှာ အယောက် ၈၀ ကျော် အိမ်ပြန်သွားခဲ့တာပါ။ Quarantine  လုပ်နေတဲ့ ၁၄ ရက်လုံးအဆင်ပြေပြီး လူတိုင်း ကိုယ့်အတွက်ပဲ မကြည့်ဘဲ ကိုယ့်မိသားစု ကိုယ့်တိုင်းပြည်အားလုံးအတွက် ၁၄ ရက် Quarantine လုပ်စေချင်ပါတယ်လို့ နေအိမ်ပြန်သူတဦးက ပြောပါတယ်။ City Hotel မှာ Quarantine လုပ်သူတွေထဲ ပြည်ပကပြန်လာသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးသာ နေမကောင်းလို့ ဆေးခန်းပြရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ သူအားလုံးကတော့ ကျန်းမာရေးကောင်းမွန်စွာ အိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
2 years Ago

March 28, 2020

ဗိုလ်အောင်ကျော်လမ်းရှိ City Hotel တွင် နိုင်ငံခြားသား ၁၀၀ ကျော်ကို စောင့်ကြည့် 

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotel မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်မှာ COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်မှု မရှိသေးဘူးလို့  ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။  ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်ကို City Hotel မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး COVID- 19 ရောဂါပိုးကူးစက်မှုလက္ခဏာ လတ်တလော တွေ့ရှိမှုမရှိသေးဘူးလို့ ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေကို ဧပြီလ ၉ ရက်အထိ စောင့်ကြည့်ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ် လို့ ဆိုပါတယ်။  အဲဒီဟိုတယ်မှာ စောင့်ကြည့်ဝန်ထမ်းတွေကို အဝင်အထွက် မလုပ်နိုင်အောင် လုံခြုံရေးနဲ့ စနစ်တကျ စီမံဆောင်ရွက်ထားသလို ဟိုတယ်အထပ်တိုင်းမှာလည်း စီစီတီဗွီကင်မရာတွေနဲ့ စောင့်ကြည့်နေတယ်လို့ ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိ သူက ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေမစိုးရိမ်ကြဖို့အတွက် ဟိုတယ်နဲ့ အနီးစပ်ဆုံးရှိတဲ့ နေရာတွေကို COVID-19 ရောဂါ ထိန်းချုပ်မှုတွေပြုလုပ်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်းတာတွေ အပါအဝင် လိုအပ်တာတွေကို လိုက်လံပြုလုပ်နေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေက ပြောပါတယ်။  မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာအသစ် နိုင်ငံခြားသူ ၁ ဦး အပါအဝင် ၃ ဦး မနေ့က ထပ်မံတွေ့ရှိထားပြီး စုစုပေါင်းအတည်ပြု လူနာ ၈ ဦးအထိမြင့်တက်လာပါတယ်။
2 years Ago
Up