Citizen’s Budget

December 21, 2019

မြန်မာနိုင်ငံတွင် မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်း အချမ်းသာဆုံးဖြစ်

တိုင်းနဲ့ပြည်နယ်တွေထဲမှာ မန္တလေးနဲ့ တနင်္သာရီတိုင်းဟာ အချမ်းသာဆုံးဖြစ်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကတော့ အဆင်းရဲဆုံးဖြစ်တယ်လို့ ၂၀၁၉-၂၀ Citizen’s Budget ပါ  မြန်မာနိုင်ငံရဲ့ ဆင်းရဲမှုအညွှန်းကိန်းအရ သိရပါတယ်။ Citizen’s Budget (နိုင်ငံသားတွေအတွက်ဘတ်ဂျက်) ဆိုတာ နိုင်ငံတော်ရဲ့မေခရိုစီးပွားရေး အခြေအနေ၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ၊ စုစုပေါင်း အသုံးစရိတ်၊ ဘတ်ဂျက်လိုငွေ၊ ပြည်ပ အကူအညီရငွေ စတာတွေကို လွယ်လွယ်ကူကူ သိအောင် အနှစ်ချုပ်ဖော်ပြထားတာပဲ  ဖြစ်ပါတယ်။ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့ဟာ ၂၀၁၇ ဆင်းရဲမှုညွှန်ကိန်းအရ ၁၃ ဒသမ ၂ ရာခိုင်နှုန်းစီရှိကြပြီး ရန်ကုန်ကတော့ ၁၃ ဒသမ ၇ ဖြစ်ပါတယ်။ ညွှန်ကိန်း အမြင့်ဆုံးဖြစ်တဲ့ ချင်းပြည်နယ်က ၅၈ ရာခိုင်နှုန်းရှိနေပြီး ရခိုင်ပြည်နယ်က ၄၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ သူ့နောက်မှာတော့ ကချင်ပြည်နယ်က ၃၆ ဒသမ ၆ ရာခိုင်နှုန်း၊ မကွေးတိုင်းက ၃၅ ဒသမ ၆ ရာခိုင်နှုန်း၊ ကယားပြည်နယ်က ၃၂ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အများဆုံးတွေဖြစ်ကြပါတယ်။ လူဦးရေနဲ့ အခွန်အကောက်ရငွေတွက်ချက်ချက်ရာမှာတော့ ရန်ကုန်တိုင်းဟာ လူတယောက်ဆီက အခွန် အကောက်ရငွေ ၈,၅၃၁ ကျပ်ကျော်ရလို့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာတော့ တယောက်ကို ၆,၁၃၈ ကျပ်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ တယောက်ချင်းနဲ့တွက်ချက်ရင် အနည်းဆုံးကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး စုစုပေါင်း အခွန်အကောက် ရငွေ ကျပ်သန်းပေါင်း ၁,၂၀၀ ကျော်ပေမယ့် လူဦးရေ ၃၃ သိန်းရှိတာကြောင့် တယောက်ဆီက ၃၆၁ ကျပ်ကျော်ပဲ ရတာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်တွေထဲမှာ စုစုပေါင်းဘတ်ဂျက် ရငွေအနည်းဆုံးက ကယားပြည်နယ်ဖြစ်ပြီး ကျပ်သန်းပေါင်း ၆,၅၄၄ ကျော်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ရငွေရဲ့ ၁၀ ဆကျော် ကျပ်သန်းပေါင်း ၇၁,၅၆၃ သန်းကျော် သုံးဖို့ သတ်မှတ်ထားပါတယ်။ ရငွေရော၊ သုံးငွေရော အများဆုံးက ရန်ကုန်တိုင်းဖြစ်ပြီး သူ့နောက်မှာတော့ မန္တလေးတိုင်းဖြစ်ပါတယ်။ ရငွေနဲ့ သုံးငွေကွာဟချက် လိုငွေ အများဆုံးကတော့ ကျပ်သန်းပေါင်း ၂ သိန်းခွဲကျော်နဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းကတော့ လိုငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
2 years Ago

December 15, 2019

လက်ရှိအစိုးရလက်ထက် စီးပွားရေးတိုးတက်နှုန်းကျပြီး ငွေဖောင်းပွမှုတိုး

လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေးတိုးတက်နှုန်းကျလာပြီး ငွေကြေးဖောင်းပွနှုန်းလည်း ပိုတက်လာတယ်လို့ ၂၀၁၉-၂၀၂၀ ခုနှစ်ထုတ် Citizen’s Budget (နိုင်ငံသားတွေအတွက်ဘတ်ဂျက်) စာစောင်က ရေးသားထုတ်ပြန်ပါတယ်။   Citizen’s Budget ဆိုတာ နိုင်ငံတော်ရဲ့မေခရိုစီးပွားရေး အခြေအနေ၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ၊ စုစုပေါင်း အသုံးစရိတ်၊ ဘတ်ဂျက်လိုငွေ၊ ပြည်ပအကူပညီရငွေ စတာတွေကို လွယ်လွယ်ကူကူ သိအောင် အနှစ်ချုပ်ဖော်ပြထားတာပဲ  ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်နှုန်းဟာ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ နဲ့ ၂၀၁၈-၂၀၁၉ မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းကို ပြန်တက်ခဲ့ပြီး အခုတော့ ၆ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်းကို ခန့်မှန်းထားခဲ့ပေမယ့် ဒီနှစ်မှာတော့ ၇ ရာခိုင်နှုန်းလို့ပဲ ခန့်မှန်းထားတာ တွေ့ရပါတယ်။ ရငွေနဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) အချိုး၊ သုံးငွေနဲ့ ဂျီဒီပီအချိုး၊ အခွန်နဲ့ ဂျီဒီပီအချိုးတွေဟာလည်း ကျဆင်းနေပြီး လိုငွေနဲ့ ဂျီဒီပီအချိုးတခုပဲ တက်လာ နေပါတယ်။  ဒီအချိုးကတော့ ၂၀၁၅-၂၀၁၆ မှာ ၄ ဒသမ ၂ ရာခိုင်နှုန်းရှိရာကနေ အခုတော့ ၅ ဒသမ ၆ အထိ တက်သွားတာပါ။ နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းဟာ ၂၀၁၈-၂၀၁၉ မှာ ၄ ဒသမ ၁ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၆ ဒသမ ၆ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာ ပြည်ထောင်စုနဲ့ တိုင်းနဲ့ပြည်နယ်တွေရဲ့ ရငွေစုစုပေါင်းက ကျပ် ၂၈၅၂၄ ဘီလီယံကျော် (ကျပ်သန်းပေါင်း သိန်း ၂၈၀ ကျော်)ဖြစ်ပြီး စုစုပေါင်း သုံးငွေကတော့ ကျပ် ၃၅၂၄၃ ဘီလီယံ (ကျပ်သန်းပေါင်း သိန်း ၃၅၀ ကျော်) ဖြစ်ပါတယ်။ စုစုပေါင်းရငွေတိုးလာပေမယ့် သုံးငွေကပိုပြီး သိသိသာသာ တိုးလာတာကြောင့် နှစ်စဉ်လိုငွေ က တိုးတိုးလာနေတာလည်း ဖြစ်ပါတယ်။ လိုငွေတွေကိုဖြည့်ဖို့ အစိုးရဟာ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေထုတ်ရောင်းတာနဲ့ ပြည်ပချေးငွေယူဖို့ကို အဓိကထားစီစဉ်ထားတာကိုတွေ့ရပါတယ်။ အခွန်အကောက်ရငွေစုစုပေါင်းဟာ နိုင်ငံတော်ဝင်ငွေအားလုံးရဲ့ ၃၂ ရာခိုင်နှုန်းဖြစ်တာကြောင့် ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ၃၈ ရာခိုင်နှုန်းနဲ့ ယှဉ်မယ်ဆိုရင် နည်းသွားတာကို တွေ့ရပါတယ်။ ပြည်ထောင်စုရဲ့ စုစုပေါင်းအသုံးစရိတ်မှာတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ၂၅ ရာခိုင်နှုန်းကျော်(လေးပုံတပုံကျော်)သုံးထားတာကြောင့် အများဆုံးဖြစ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၂ ရာခိုင်နှုန်းကျော်၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၀ ရာခိုင်နှုန်းကျော် သုံးစွဲထားပါတယ်။
2 years Ago
Up