CID ရုံး

October 7, 2021

ဘူးလက်လှဆွေအိမ်နှင့် CID ရုံးဗုံးခွဲမှုအပါအဝင် တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ဟု နေပြည်တော် PDF ထုတ်ပြန်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲက ဘူးလက်လှဆွေရဲ့ နေအိမ်ကို ဗုံးနဲ့တိုက်ခိုက်သတိပေးမှု၊ CID ရုံးဖောက်ခွဲမှုတွေအပါအဝင် ဖောက်ခွဲတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့ နေပြည်တော် PDF က အောက်တိုဘာ ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

ဘူးလက်လှဆွေရဲ့ နေအိမ်ကို ဗုံးနဲ့တိုက်ခိုက်သတိပေးခဲ့တာကတော့ အောက်တိုဘာ ၄ ရက်နေ့ကဖြစ်ပြီး နောက်တနေ့ အောက်တိုဘာ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာတော့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ Non CDM ပြုလုပ်နေတဲ့ ဝန်ထမ်းကြိုပို့ယာဉ်တစီးကို ကနဦးသတိပေးတဲ့အနေနဲ့ အဝေးထိန်းစနစ်နဲ့ အောင်မြင် စွာ ဖောက်ခွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီဝန်းကျင်အချိန်မှာတော့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အလယ် ချောင်းအုပ်စု၊ တောင်မြင့်ရေပူရွာအနီးမှာ အင်အား ၂၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ မကေသီဂိတ်ကို နေပြည်တော် PDF က ရှောင်တခင်ဝင်တိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့ဝင် ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ CID(မှုခင်းတပ်ဖွဲ့ဌာနချုပ်)ကိုလည်း အမည်မဖာ်လိုသူ တော်လှန်ရေးအင်အားစုမှ အပြင်းစားဖောက်ခွဲမှုတခု ပြုလုပ်နိုင်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီခိုင်းဖတ်ရဲအရာရှိ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချကအရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၇၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင် ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

3 weeks Ago
Up