CDM ရဲတပ်သား

December 2, 2021

ကျိုက်ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ PDF ဘက်က CDM ရဲတပ်သား ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု (ဒေသအခေါ် ရွှေခဲရိုးကျေးရွာ)အနီးမှာ ဒီဇင်ဘာ ၂ ရက် ဒီမနက် ၈ နာရီခွဲမှ  ၁၀ နာရီခွဲအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်   KNLA တပ်မဟာ(၁)၊  ဒေသခံ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF နဲ့ KNU တာာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က CDM ရဲတပ်သား ၁ ဦး ကျဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို  လက်နက်ကြီးတွေနဲ့ ပစသ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁ ရက်ကလည်း  KNLA တပ်မဟာ(၁)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီရဲ့ ခလရ(၂) တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။

2 months Ago

November 24, 2021

CDM ရဲတပ်သား ၁ ဦး လှိုင်သာယာရဲစခန်းတွင် အဖမ်းခံပြီး ဖော်ကောင်လုပ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က CDM ရဲတပ်သား ကျော်ကိုကိုဟာ အလှူငွေတွေကောက်ခံ ထွက်ပြေးသွားပြီး လှိုင်သာယာရဲစခန်းမှာ နိုဝင်ဘာ ၂၃ ရက်နေ့က သွားအဖမ်းခံကာ တော်လှန်ရေးမှာ ပါဝင်နေသူတွေအကြောင်းဖော်ထုတ်သတင်းပေးခဲ့တယ်လို့ လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ရဲ​ပြေး ကျော်ကိုကိုဟာ လွတ်မြောက်ဒေသတစ်ခုကို ရောက်ရှိလာပြီးနောက် တခြားသော CDM ရဲတပ်ဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်ကာ ဦး​ဆောင်သူပုံစံနဲ့ အလှူ​ငွေတွေ ယူ​ဆောင်ထွက်ပြေးပြီး လှိုင်သာယာရဲစခန်းမှာ အဖမ်းခံခဲ့တာလို့ လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက  “CDM ဆိုပြီး ကျနော်တို့ လက်ခံထားတာ။ သူခေါ်လာလို့ ရောက်နေတဲ့ CDM တခြားရဲတွေလည်း ရှိတယ်။ အလှူခံပြီး ငွေတွေလည်း လိမ်ပြီး ထွက်ပြေးတယ်။ အခုက လှိုင်သာယာမှာ ဖမ်းခံလိုက်ပြီး ဖော်ကောင်လုပ်တာ၊ အခုဒီမှာ ကျန်နေတဲ့ CDM ရဲတွေပါ မကောင်းတော့ဘူး၊ စစ်ဆေးတာတွေ လုပ်နေရတယ်” လို့ ပြောပါတယ်။

ကျော်ကိုကိုနဲ့ ပက်သက်မိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမြန်ဆုံးရှောင်တိမ်းကြဖို့ကိုလည်း လွတ်မြောက်ဒေသရောက် လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

2 months Ago
Up