CDM ဆေးဝန်ထမ်းများ

February 24, 2021

ကျောက်ဆည်ဆေးရုံ CDM ဆေးဝန်ထမ်းများက လုပ်ခလစာနှင့်ပတ်သက်၍ကြေညာ

မန္တလေးတိုင်း ကျောက်ဆည်ဆေးရုံကြီးက CDM လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြု ဆရာ ဆရာမတွေဟာ  မိမိတို့ရရှိခံစားရမယ့် လုပ်ခလစာတွေကို အခုတော်လှန်ရေး ကာလအတွင်း ထုတ်ယူတော့မှာမဟုတ်ဘဲ တရားဝင်အစိုးရရဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးရှိရှိ သုံးစွဲသွားမယ်လို့ ကြေညာပါတယ်။

မိမိတို့ရသင့်ရထိုက်တဲ့ လစာငွေတွေ လျော့ပါးပျောက်ဆုံးပါက ကျောက်ဆည်ခရိုင် ဆေးရုံအုပ်ကြီး ဦးဝင်းမော်ရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ဖေဖော်ဝါရီ ၂၃ရက်က ထုတ်ပြန်လိုက်ပါတယ်။

အမည်မဖော်လိုသူ လက်ထောက်ဆရာဝန်တစ်ဦးက "CDM ကိုအဆုံးထိသွားမှာဖြစ်လို့ နှောင့်ယှက်တာတွေ၊ ဖုန်းဆက်ပြီးခေါ်တာတွေ မဖြစ်အောင် အားလုံးတိုင်ပင်ပြီး စာထုတ်ခဲ့တာပါ။ ကြိုကာကွယ်ထားတဲ့သဘောပေါ့။ ဆေးရုံအုပ်ကို ဦးတည်ပြီး ထုတ်လိုက်တော့ သူ့နောက်က လူတွေကိုပါ ထိရောက်အောင်ဖြစ်ပြီး ဆေးရုံအုပ်တွေသာ CDM မှာ ပါဝင်ခဲ့ရင် ကျောက်ဆည်ဆိုပြီး တစ်စုတစ်စည်းတည်း ဖြစ်သွားမှာပါ။ လစာနဲ့ပတ်သက်ပြီး  ဟိုလိုလိုဒီလိုလိုကြားမှာ ပျောက်သွားမှာစိုးတဲ့အတွက် ကြိုပြီးစာထုတ်ထားတာပါ။ လက်ရှိက CDM လုပ်သလိုမလုပ်သလို ဝန်ထမ်းတွေလည်း  ရှိနေတော့ တခါထဲ ပြတ်ပြတ်သားသား ဖြစ်အောင် လုပ်တာပါ'' လို့ ပြောပါတယ်။

ဒါ့အပြင် ယခုCDM ​လုပ်ထားတဲ့ ဝန်ထမ်း ၁၄၅ ယောက်လုံးဟာ တရားဝင်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုသာ တာဝန်ခံပြီး တာဝန်ထမ်းဆောင် ကြမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

နွေလှိုင်း(YU)

9 months Ago
Up