အာဏာသိမ်းစစ်ကောင်စီတပ်က အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူး ညွန့်နိုင်ဟာ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင် (တပ်မဟာ ၁) ကို ဝင်ရောက်ခိုလှုံခဲ့တယ်လို့ KIC သတင်းဌာနက ဖော်ပြပါတယ်။
ဗိုလ်မှူးညွန့်နိုင်က အမှတ် ၇ ခြေလျင်တပ်ရင်းက ထွက်ပြီးနောက် မတ်လ ၉ ရက်နေ့မှာ ခိုလှုံခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က အတည်ပြုထားပါတယ်။
ဗိုလ်မှူးညွန့်နိုင်ဟာ စစ်တက္ကသိုလ် အပတ် စဉ် ၄၈ ကျောင်းဆင်းဖြစ်ပြီး သင်တန်းပြီးချိန်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ/ခမရ (၃၇၉) ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။
လက်ရှိ ကေအန်ယူ သထုံခရိုင် (တပ်မဟာ -၁) ထိန်းချုပ်နယ်မြေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဲနဲ့ စစ်သားတွေအပြင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ လ/၁၇၇၃၆၁ ရဲတပ်ကြပ်ကြီး မျိုးဝင်းဟာ မတ် ၃၁ ရက်ကစတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ကြပ်ကြီး မျိုးဝင်းဟာ CDM မှာ ပါဝင်ခဲ့ပြီး မတ်လအတွက် လစာလည်း ထုတ်ယူမသွားပါဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ၁၉၉၆ ခုနှစ်ကစပြီး ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အခုအခါ ပြည်သူအကြားမှာ ရဲတပ်ဖွဲ့ဝင်အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်ဖို့နဲ့ စစ်ကောင်စီအုပ်ချုပ်ရေးကာလမှာ ပြည်သူချစ်တဲ့ ရဲတပ်ဖွဲ့ဝင်အဖြစ် ရပ်တည်ဖို့ အာမခံချက် မရှိတော့တာကြောင့် အခုလို CDM မှာ ပူးပေါင်းပါဝင်တာလို့ ရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးဆီ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။