CDC

March 21, 2020

ကိုရိုနာထိန်းချုပ်ရေး သန်းနှင့်ချီကြော်ငြာများ Facebook က အခမဲ့ခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး Facebook သုံးစွဲသူတွေဆီ သတင်းစကား ရောက်အောင် ကူညီဖို့ ဖေ့စ်ဘွတ်ခ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ ကမ္ဘာတလွှားက အစိုးရတွေအတွက် သန်းနဲ့ချီတဲ့ ကြော်ငြာတွေကို အခမဲ့ သုံးခွင့်ပြုလိုက်ပါတယ်။  ဖေ့စ်ဘွတ်ခ်ကိုသုံးပြီး သတင်းအချက်အလက် အမှားတွေ၊ လုပ်ကြံသတင်းတွေ ဖြန့်ဖြူးမှု လျှော့ချဖို့နဲ့ အချက်အလက် အစစ်အမှန်တွေကို ဖြန့်ချိနိုင်ဖို့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်ဌာနကိုလည်း ဖေ့စ်ဘွတ်ခ်က ဖန်တီးလိုက်ပါတယ်။  “ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကျနော်တို့ အလုပ် တစိတ်တပိုင်းက သတင်းအချက်အလက် အမှားတွေနဲ့ အန္တရာယ်ရှိတဲ့ သတင်းအချက်အလက်တွေကို လျှော့ချဖို့ပါ” လို့ ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတဦးဖြစ်တဲ့ ကျင်းခန်ရှင်းက ပြောတယ်လို့ ရိုက်တာ သတင်းဌာမှာ မတ်လ ၁၉ ရက်က ဖော်ပြပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ် သုံးသူတွေဟာ WHO လို၊ ရောဂါထိန်းချုပ်ရေးနဲ့ ဟန့်တားရေးဌာနများ CDC တို့လို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေဆီက သတင်းမှန်တွေရဲ့ အင်တာနက် စာမျက်နှာတွေကို ရှာနိုင်တော့မှာပါ။ ဒါ့အပြင် ကာကွယ်ရေး မျက်နှာဖုံးတွေကို ကြော်ငြာဖို့ အလွဲသုံးစားလုပ်တဲ့ ကိစ္စရပ်တွေကို နှိမ်နင်းဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “စည်းမျဉ်းကို အတိအကျ လိုက်နာစေရေး ကျနော်တို့ရဲ့ အားထုတ်မှုတွေက ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်သေးဘူး။ ဒါပေမယ့် တိုးတက်အောင် လုပ်နေပါတယ်” လို့ ကျင်းခန်ရှင်းက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်ဌာနကို ဖွဲ့စည်းရုံသာမက ဖေ့စ်ဘွတ်ခ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး သက်သာရေး အားထုတ်မှုတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူမယ်လို့ ကြေညာခဲ့ပါတယ်။
2 years Ago

March 14, 2020

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဒေါ်လာသန်း ၂၀ လှူမည်ဟု ဖေ့စ်ဘွတ်ခ်စီအီးအို ပြော

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်း ၂၀ အထိ လှူဒါန်းသွားမယ်လို့ ဖေ့စ်ဘွတ်ခ် တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ် မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  ဇူကာဘတ်က သူ့ Facebook စာမျက်နှာမှာ ဒေါ်လာ ၁၀ သန်းကို COVID-19 Solidarity Response Fund ကို လှူဒါန်းထားပြီး အဲဒီပရောဂျတ်က ကုလသမဂ္ဂ၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့နဲ့ ပူးတွဲလုပ်ဆောင်နေတာပါ။  ဇူကာဘတ်ဟာ CDC Foundation ကိုလည်း ဒေါ်လာ ၁၀ သန်း လှူထားပါသေးတယ်။  သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီရန်ပုံငွေတွေက ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တုံ့ပြန်တားဆီးဖို့ လုပ်နေတာတွေအတွက် အထောက်အကူဖြစ်အောင် လှူတာလို့လည်း ရှင်းပြထားပါတယ်။  ဒါ့အပြင်  ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို   အခမဲ့ကြော်ငြာတွေ လိုသလောက်ပေးသွားမယ်လို့ စီအီးအို မက်ဇူကာဘတ်က မတ်လ ၃ ရက်မှာ ကြေညာခဲ့ပါသေးတယ်။   ဖြစ်ပေါ်နေတဲ့အခြေအနေအရ ဖေ့စ်ဘွတ်ခ်ဟာ WHO, CDC နဲ့  UNICEF တို့လို ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အတူလုပ်ဆောင်နေပြီး  ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီ တိကျတဲ့သတင်းတွေကို အဲဒီအဖွဲ့အစည်းတွေ  ထုတ်ပြန်နိုင်စေဖို့ ကူညီပေးသွားမယ်လို့ ဇူကာဘတ်က ပြောခဲ့ပါတယ်။  ဖေ့စ်ဘွတ်ခ်အနေနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း အကူအညီတွေနဲ့ ကြော်ငြာသန်းချီ ပေးအပ်ပြီး လိုအပ်ရင် ထပ်တိုးအကူအညီပေးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး ကျွမ်းကျင်သူ တွေနဲ့ အနီးကပ် အတူအလုပ်လုပ်သွားမယ်လို့လည်း ဇူကာဘတ်က  ပို့စ်တင်ခဲ့ဖူးပါတယ်။
2 years Ago
Up