Brian Dennehy

A d v e r t i s e m e n t With Us

April 17, 2020

ရွှေကမ္ဘာလုံးဆုရ ဟောလိဝုဒ်မင်းသားကြီး Brian Dennehy နှလုံးရောဂါဖြင့် ကွယ်လွန်

ရွှေကမ္ဘာလုံးဆုရ ဝါရင့်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Brian Dennehy ဟာ ဧပြီလ ၁၅ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် မင်းသားကြီးဟာ အမေရိကန်နိုင်ငံ၊ ကွန်နက်တီကပ်ပြည်နယ် ကမ်းခြေမြို့တမြို့ဖြစ်တဲ့ နယူးဟေးဗင်မြိူ့က နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်မှုမရှိဘူးလို့ သမီးဖြစ်သူက ပြောပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်း ၅၀ ကျော် ဖြတ်သန်းခဲ့တဲ့ မင်းသားကြီးဟာ နာမည်ကြီး ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပထမဆုံး ရမ်ဘိုရုပ် ရှင်ကားဖြစ်တဲ့ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ First Blood အပါအဝင် Gorky Park (1983) ၊  Silverado (1985) ၊ Cocoon (1985) ၊ F/X (1986) ၊ Presumed Innocent (1990) ၊ Romeo + Juliet (1996) ၊ Knight of Cups (2015) စတဲ့ ရုပ်ရှင်ကားတွေမှာ ဇာတ်ရုပ်ပုံစံမျိုးစုံနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆု ချီးမြှင့်ခံခဲ့ရတဲ့ ရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်အတွက် Death of a Salesman ရုပ်ရှင်ကားမှာ ဇာတ်ကောင် Willie Loman အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့မှုအတွက် ချီးမြှင့်ခံခဲ့ရတာပါ။ ရုပ်ရှင်မှာသာမက တခြားသော ရုပ်သံစီးရီးစ်တွေအတွက် ချီးမြှင့်တဲ့ အမ်မီဆု ၆ ဆုနဲ့ တိုနီဆု ၂ ဆုရရှိခဲ့သူ မင်းသားကြီးဟာ ၂ ကြိမ်လက်ထပ်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ သားသမီး ၃ ယောက်နဲ့ မြေး ၅ ဦး ကျန်ရှိခဲ့ပါတယ်။ လတ်တလောမှာတော့ မင်းသားကြီးရဲ့ နာရေးသတင်းအတွက် အနုပညာအသိုင်းအဝိုင်းက မိသားစုနဲ့အတူ နှမြောတသ စိတ်မကောင်းဖြစ်ရကြောင်း မှတ်ချက်တွေ ရေးနေကြပါတယ်။ မင်းသားကြီးနဲ့ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ ရမ်ဘိုမင်းသားကြီး စတားလုံးကလည်း တကယ့်ကို ပြောင်မြောက်တဲ့ သရုပ်ဆောင်တယောက်ဖြစ်ပြီး First Blood ရုပ်ရှင်မှာ ရမ်ဘိုအဖြစ် ရုပ်လုံးကြွလာစေဖို့ အများကြီး ကူညီပေးခဲ့ကြောင်း၊ အနုပညာရှင် ကြယ်တပွင့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားခဲ့ပါတယ်။ သရုပ်ဆောင်မင်းသမီးကြီး Mia Farrow ကတော့ သူ့ရဲ့ ခွေးကလေးကို Brian Dennehy က ပွေ့ချီထားခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတပုံကို မျှဝေထားခဲ့ပြီး သူ့ဘဝမှာ တန်ဖိုးထားရသူ အနည်းစုထဲက မင်းသားကြီးထွက်ခွာသွားရတဲ့ သတင်းက ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီပုံလေးကိုတော့ Love Letters ရုပ်သံရိုက်ကူးရေးနောက်ကွယ်မှာ ရိုက်ကူးထားတဲ့ ပုံလေးတပုံဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။  
11 months Ago
Up