Bookclub

May 15, 2018

စာအုပ်တအုပ်ကြောင့် ပြောင်းလဲသွားသည့် အမျိုးသမီးကြီး ၄ ဦးအကြောင်း ရုပ်ရှင်-Bookclub (နမူနာ)

ဘဝမှာ စာအုပ်တအုပ်ကြောင့် အရာရာ ပြောင်းလဲသွားရတယ်ဆိုရင် လက်ခံနိုင်ပါသလား။ ဒီရုပ်ရှင်ကားထဲမှာတော့ စာအုပ်တအုပ်ကို ဖတ်မိရာကနေ ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲသွားကြတဲ့ အမျိုးသမီးကြီး ၄ ဦး အကြောင်းတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Bookclub ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားဖြစ်ပြီး ပါရာမောင့်​ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ဘီလ်ဟိုလ်ဒါမန်းက ရိုက်ကူးထားတာပါ။ ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ၆၀ တန်းဝန်းကျင် အသက်ကြီးကြီး အမျိုးသမီးကြီး ၄ ဦး အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့ ၄ ယောက်ဟာ Bookclub တခုမှာ လစဉ်ဆုံတွေ့ကြပြီး ရှင်သန်နေထိုင်ရာကနေ စာအုပ်တအုပ်ကို ဖတ်လိုက်မိရာက ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲသွားကြတဲ့ အကြောင်းပါ။ စာအုပ်ကို ဖတ်ပြီးချိန်မှာ သူတို့ဘဝအတွက် ပျော်ရွှင်စရာတွေ၊ မလုပ်ဘူးခဲ့တဲ့ အရာတွေ၊ အချစ်သစ်ရှာဖွေတာတွေ စတဲ့ အရာတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ သူတို့ဖတ်လိုက်တဲ့ စာအုပ်ကတော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဘက်ဆဲလား စာအုပ်တအုပ်ဖြစ်တဲ့ 50 Shades of Grey ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးတော့လည်း အောင်မြင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒီစာအုပ်ကြောင့် ပြောင်းလဲသွားရတဲ့ အမျိုးသမီးကြီးတွေအကြောင်းကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက ဇာတ်ကောင် အမျိုးသမီးကြီးတွေရဲ့ နေရာမှာတော့ ဟောလိဝုဒ် နာမည်ကြီးမင်းသမီးတွေ ဖြစ်ကြတဲ့ ဂျိန်းဖောင်ဒါ၊ ဒိုင်ယန်းကီတန်၊ ကန်ဒိုက်စ်ဘာဂန်၊ မေရီစတီးန်ဘာဂန်တို့က ဦးဆောင်ပါဝင်ထားကြတာပါ။ ဒီမင်းသမီးကြီးတွေဟာ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြပြီး ရုပ်ရှင်ထူးချွန်ဆုတွေလည်း ရဖူးကြသူတွေ ဖြစ်ကြပါတယ်။ အသက်အကြီးဆုံးဖြစ်တဲ့ ဂျိန်းဖောင်ဒါဆိုရင် အမေရိကန်နိုင်ငံရဲ့ တသက်တာ ရုပ်ရှင်ထူးချွန်ဆု ရရှိထားသူဖြစ်ပြီး လက်ရှိမှာတော့ အသက် ၈၀ အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူတို့ ၄ ယောက် ဘယ်လိုအပြိုင်ကြဲ သရုပ်ဆောင်ထားကြမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာပါ။ ဇာတ်ဝင်ခန်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေနဲ့ ဒိုင်ယာလော့ဂ်တွေ ပါဝင်တာကြောင့် ဒီကားကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအနေနဲ့ မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုပြီး PG-13 အဆင့် သတ်မှတ်ထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
4 years Ago

May 14, 2018

တူးမြောင်းဖောက်လုပ်ရာတွင် ပါသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးချောင်းရေလှောင်တမံဘက်စုံစီမံကိန်း တူးမြောင်း ဖောက်လုပ်ရာမှာ ပါဝင်တဲ့ မြေယာတွေအတွက် လယ်သမားတွေကို နစ်နာကြေးပေးအပ်ပွဲကို ဒီနေ့ မနက်က ဖြူးမြို့နယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ တူးမြောင်း ခြောက်မြောင်း ဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့ ကျေးရွာအုပ်စု ၅ အုပ်စုက တောင်သူ ၂၇၆ ဦးရဲ့ စုစုပေါင်းလယ်မြေ ၈၈.၆၁ ဧကအတွက် တဧကကို သိန်း ၂၀ ကျပ်နှုန်းနဲ့ နစ်နာကြေး ပေးအပ်ခဲ့တာပါ။ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှ ဦးစီးမှူး (မြို့ပြ) ဦးမြဝင်းကိုက "ဒီစီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လထဲက စတင်လုပ်ဆောင်ခဲ့တာပါ။ အခုဆို ၈၀ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ ဒီစီမံကိန်းကို စတင်လုပ်ဆောင်ချိန်မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီ ခြောက်မြောင်း ပြီးသွားရင် ဧကသုံးထောင်လောက် ရေပေးဝေနိုင်မှာဖြစ်ပါတယ်။ အခုမြေယာ လျော်ကြေးကိုလည်း ကျနော်တို့က တစ်ဧက သိန်း ၂၀ နှုန်းနဲ့လျှော်ပေးခဲ့တာပါ"လို့ ပြောပါတယ်။ တူးမြောင်းဖောက်လုပ်ရာမှာ လယ်မြေ ပါဝင်သွားတဲ့ တောင်သူဦးထွန်းရွှေက “ဒီတူးမြောင်း ဖောက်မယ်ဆိုတော့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆည်မြောင်းက အဖွဲ့တွေ လာပြီးညှိတယ်။ အခုတစ်ဧကကို သိန်း ၂၀ လျော်ပေးတယ်။ အဆင်ပြေပါတယ်။ ဒီတူးမြောင်းကြောင့် သီးနှံတွေ အများကြီး တိုးစိုက်လာလို့ရသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။ ဖြူးချောင်းတမံ ဘက်စုံစီမံကိန်းကနေ ဒေသတွင်းမှာရှိတဲ့ လယ်ယာမြေဧက ၉၀၀၀၀ ကျော်ကိုရေပေးဝေနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ အခမ်းအနားကို ပဲခူးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေ/မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အပါအဝင် တောင်သူတွေပါ တက်ရောက်ခဲ့ပါတယ်။ သတင်း - ကျော်အောင်(ကညွှတ်ကွင်း)
4 years Ago
Up