Blockers

April 10, 2018

အပျိုစင်ဘဝစွန့်လွှတ်မယ့် သမီးတွေကို တားဆီးတဲ့ ဖခင်တွေအကြောင်း Blockers ဟာသရုပ်ရှင်

Prom ဆိုတဲ့ ကျောင်းမပိတ်ခင် ကျင်းပတဲ့ ကပွဲနေ့မနက်မှာ Julie ဆိုတဲ့ ကောင်မလေးက ညကြရင် သူ့ရဲ့ အပျိုစင်ဘဝကို သူ့ချစ်သူ Austin နဲ့အတူ စွန့်လွှတ်မယ့်အကြောင်း သူ့အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Kayla နဲ့ Sam ကို ပြောပြလိုက်ပါတယ်။ Julie ဆီက စကားကြားပြီးတာနဲ့ Kayla လည်း သူ့အပျိုစင်ဘဝကို အဲဒီညမှာပဲ စွန့်လွှတ်ဖို့ ကတိပြုလိုက်ပါတယ်။ မိန်းမချင်း စိတ်ဝင်စားတာကို လူသိမခံထားတဲ့ Sam ကတော့ ဒီကိစ္စကို အင်တင်တင်ဖြစ်နေပေမယ့် တက္ကသိုလ်မတက်ကြခင် အချစ်ဆုံးသူငယ်ချင်းတွေနဲ့အတူတူ အတွေ့အကြုံတခုကို ယူမယ်ဆိုတဲ့စိတ်နဲ့ Sam တယောက်လည်း Prom ညမှာ အပျိုစင်ဘဝစွန့်လွှတ်မယ့် အစီအစဉ်ထဲ ပါလာပါတယ်။ ဒီလိုနဲ့ Kayla ကတော့ လက်တွေ့စမ်းသပ်ခန်းမှာ သူနဲ့အတူတူ တွဲလုပ်နေကြ Connor နဲ့ အပျိုစင်ဘဝကို စွန့်လွှတ်ဖို့ စီစဉ်ထားပြီး Sam ကတော့ Chad ဆိုတဲ့ ဝဝတုတ်တုတ် လက်ရဲဇက်ရဲမနိုင်တဲ့ တယောက်နဲ့ ကပွဲကို တူတူတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကပွဲမတိုင်ခင်မှာတော့ Julie ရဲ့ Single Mother မိခင် Lisa က သူတို့အိမ်မှာ ခင်မင်တဲ့ မိဘတွေ ကလေးတွေကိုဖိတ်ပြီး Prom အကြိုပါတီလေးနဲ့ ကလေးတွေပျော်အောင် စီစဉ်ထားတာပေါ့။ ဒီလိုနဲ့ Julie တို့ သူငယ်ချင်းသုံးယောက် ကျောင်းကပွဲဆီ ထွက်လာကြပြီး တယောက်နဲ့တယောက် အင်တာနက်ကနေ သူတို့ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး စာတွေပို့ပြီး ပြောနေကြတုန်း Lisa နဲ့ Kayla ရဲ့ဖခင် Mitchell တို့နှစ်ယောက် ဖွင့်ရက်သားကျန်ခဲ့တဲ့ Julie ရဲ့ Laptop ကနေ ကောင်မလေးသုံးယောက်ရဲ့ အစီအစဉ်ကို သိသွားကြပါတယ်။ ဒီလိုနဲ့ သမီးတွေ အပျိုရည်ပျက်မယ့် ကိစ္စကို တားမြစ်ဖို့ Lisa နဲ့ Mitchell တို့နှစ်ယောက် Sam ရဲ့ဖခင် Hunter ကိုလည်း သူတို့ရဲ့ အစီအစဉ်ကို သွားပြောပေမယ့် Hunter က သူတို့ကို မလုပ်ဖို့ တားမြစ်ပါတယ်။ အကြောင်းကတော့ Hunter က သူ့ရဲ့သမီး Sam က မိန်းမချင်း စိတ်ဝင်စားတယ်ဆိုတာကို အလိုလို သိနေတာကြောင့်ပါ။ ဒါပေမယ့် အကြိုပါတီမှာ သူ့သမီးက Chad ကို သူ့ကိုယ်သူ တွန်းအားပေးပြီး နမ်းနေတာကို ပြန်တွေးမိပြီး Lisa နဲ့ Mitchell တို့ရဲ့အစီအစဉ်ထဲ Hunter လည်း ပါလာပါတော့တယ်။ ဒီဇာတ်ကားကတော့ ဟာသအမျိုးအစားဖြစ်ပြီး 30 Rock ဟာသဇာတ်လမ်းတွဲကို ထုတ်လုပ်ရေးသားသူတယောက်ဖြစ်တဲ့ Kay Cannon ရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဟာသမင်းသမီး Leslie Mann၊ ဟာသမင်းသား Ike Barinholtz နဲ့ John Cena တို့က မိဘသုံးယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ - Kay Cannon သရုပ်ဆောင်များ - Leslie Mann, Ike Barinholtz, John Cena, Kathryn Newton, Geraldine Viswanathan and Gideon Adlon ကြာမြင့်ချိန် - ၁ နာရီ ၄၂ မိနစ် ရုပ်ရှင်အဆင့်သတ်မှတ်ချက် - R (အသက် ၁၇ နှစ်အောက်အရွယ်များ မိဘ (သို့မဟုတ်) အုပ်ထိန်းသူပါမှ ကြည့်ရှုသင့်သည်။) ကျော်နေသွေး
4 years Ago
Up