လီဗာပူးအသင်းက ကစားသမားတွေဟာ ဇွန် ၁ ရက်က အန်ဖီးလ်ကွင်းရဲ့ ကွင်းလယ်စက်ဝိုင်းမှာ ဒူးတစ်ဖက် ထောက်ရင်း Black Lives Matter လှုပ်ရှားမှုမှာ တသွေးတည်းတသားတည်း ရှိကြောင်း ပြသခဲ့ပါတယ်။
ဒီဓာတ်ပုံကို စီနီယာကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ မီလ်နာ၊ ဂိုးမက်ဇ်၊ ရော်ဘတ်ဆန်နဲ့ အာနိုးလ်တို့ရဲ့ “Unity is strength” (စည်းလုံးခြင်းသည် အင်အား) ဆိုတဲ့ စာတန်းနဲ့အတူ သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
#blacklivesmatter ဆိုတဲ့ hashtag တွေနဲ့ တင်ထားတဲ့ ဒီတွစ်တာပို့စ်တွေဟာ အမေရိကန်နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေမှာ ဘောလုံးသမားတွေက တသွေးတည်း တသားတည်း ရှိကြောင်း ပြသတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံတွင်းမှာ လူမည်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဂျော့ဂျ်ဖလိုက် သေဆုံးမှုကြောင့် ပြည်တွင်းဆူပူမှုတွေ ပေါ်ပေါက်နေပါတယ်။ ဖလိုက်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖမ်းဆီးမှုကြောင့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မင်နီဆိုးတားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုကြောင့် အမေရိကန်မြို့ကြီးတွေမှာ ဆန္ဒပြပွဲကြီးတွေ၊ မငြိမ်သက်မှုတွေ ဆက်တိုက်ပေါ်ပေါက်နေပါတယ်။
လီဗာပူးအသင်းသားတွေမတိုင်ခင် ပြီးခဲ့တဲ့ ဘာဒါဘွန်းနဲ့ပွဲစဉ်မှာ ပထမဆုံး ဟတ်ထရစ် ရရှိခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကလည်း “ဖလိုက်အတွက် တရားမျှတမှုကို ရှာဖွေပေးပါ” ဆိုတဲ့ စာတန်းပါတီရှပ်ကို ပြသပြီး အောင်ပွဲခံခဲ့ပါတယ်။
မိုချင်ကလပ်ဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကလည်း ဖလိုက် သေဆုံးခဲ့ရမှုအတွက် ယူနီယံဘာလင်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ဒူးတစ်ချောင်း ထောက်ကာ အောင်ပွဲခံခဲ့ပါတယ်။
ဒီလို ဒူးတစ်ချောင်းထောက်တဲ့ ပုံစံဟာ အမေရိကန်နိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း အမေရိကန် ဘောလုံးအားကစားသမား ကာလင်းကပါနစ်က နိုင်ငံတော်သီချင်း ဖွင့်လှစ်စဉ်မှာ ပြုလုပ်ဆန္ဒပြခဲ့တဲ့ပုံစံပဲ ဖြစ်ပါတယ်။
လီဗာပူး၊ ဒေါ့မွန်နဲ့ မိုချင်ဂလတ်ဘတ် အသင်းသားတွေအပြင် ယူနိုက်တက်တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်နဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူဟောင်း ယာယာတိုရေးတို့က ရဲတပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကာ မတရားမှုတွေကို ဆန့်ကျင်ဖို့ တသွေးတည်းတသားတည်း ရှိကြောင်း တွစ်တာမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။
9 months Ago