Beijing Autoshow 2020 ပြပွဲ

September 27, 2020

Beijing Autoshow 2020 ပြပွဲ ကျင်းပ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ငါးလနီးပါး နှောင့်နှေးခဲ့ရတဲ့ Beijing Autoshow 2020 မော်တော်ကားပြပွဲကို တရုတ်မြို့တော် ပေကျင်းမှာ စက်တင်ဘာ ၂၆ ရက်က ဖွင့်လှစ်လိုက်ပါတယ်။ လတ်တလောလတွေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကနေ တရုတ်ကားဈေးကွက် ပြန်တက်လာခဲ့တယ်လို့ ပွဲတက်လာတဲ့ အမှုဆောင်အရာရှိတွေက ပြောပါတယ်။  ဒါဟာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ထဲမှာ နာလန်ထလာကြောင်း ပြောတဲ့ ရှားရှားပါးပါး ကုန်သွယ်ရေးပြပွဲလည်း ဖြစ်ပါတယ်။ ကူးစက်ကပ်ဘေး စတင်ရာ နိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားတဲ့အထိ အသွား အလာ တားမြစ်ပိတ်ပင်ခဲ့ရာကနေ ခုတော့ အခြေအနေတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးတက် ကောင်းမွန်လာနေပါတယ်။  ပြန်နာလန်ထူမှု ကြာရှည်ခံမလား ဆိုတဲ့အပေါ် သံသယတော့ ရှိနေဆဲပါ။  ဒါပေမဲ့ လူလတ်တန်းစားကနေ ဇိမ်ခံကားတွေထိ ဈေးကွက် ဝယ်လိုအား ခိုင်မာ အားကောင်းနေပြီး လျှပ်စစ်ကားတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုတွေလည်း ဒီရေအလား တိုးပွားနေပါတယ်။  တရုတ်ရဲ့ ကားအရောင်းအားဟာ မနှစ်က အလားတူကာလထက် သြဂုတ်မှာ ၁၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းအတွင်း ရောင်းအား ထိုးဆင်းခဲ့ရာက ငါးလဆက်တိုက် ပြန်တက်လာခဲ့တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
12 months Ago
Up