Assassins

December 11, 2020

ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုအကြောင်း မှတ်တမ်းရုပ်ရှင်-Assassins ရုံတင်ပြသ(နမူနာ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူ မအေကွဲ ညီအစ်ကိုတော် စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုအကြောင်း မှတ်တမ်းရုပ်ရှင်-Assassins ကို အမေရိကန်နိုင်ငံမှာ ဒီကနေ့စတင်ပြီး ရုံတင်ပြသနေပါတယ်။ Greenwich Entertainment ကနေ ဖြန့်ချိလိုက်တဲ့ ဒီကားကိုတော့ နာမည်ကြီး နက်ဖလစ်စ် စီးရီးစ်- The Keepers နဲ့ The Case Against 8 တို့လို မှတ်တမ်းရုပ်ရှင်တွေ နဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Ryan White က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုအကြောင်းဟာ နိုင်ငံတကာသတင်းစာမျက်နှာတွေပေါ် ထိပ်တန်းခေါင်းစီးသတင်းအနေနဲ့ ဟိုးလေးတကြော်ဖြစ်ခဲ့ရ ပြီး ခုတခါမှာတော့ မှတ်တမ်းရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ကင်ဂျုံနမ်ဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်ထဲမှာ အာရုံကြောကို ထိခိုက်စေတဲ့ အဆိပ်အသုံးပြုတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တရားခံအနေနဲ့ သံသယရှိသူတွေအဖြစ် ဗီယက်နမ်အမျိုးသမီးတယောက်နဲ့ အင်ဒို နီးရှားအမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြစ်မှုကျူးလွန်ခြင်း မရှိတာမို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ တောင်ကိုရီးယားကတော့ ဒီလုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ မြောက်ကိုရီးယားက အသေးစိတ် အကွက်ချသတ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့သလို ရှုပ်ထွေးဆန်းကြယ်မှုတွေနဲ့ အပြီးသတ်မဖော်ထုတ်နိုင်ပဲ အချိန်ကာလကြာရှည်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီမှတ်တမ်းရုပ်ရှင်ကားကို ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကြာမြင့်ချိန်  ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အင်္ဂလိပ်ဘာသာစကားအပြင် အင်ဒို၊ ဗီယက်နမ်နဲ့ မလေးဘာသာတွေကိုလည်း အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီကားကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။
4 months Ago
Up