AP သတင်းထောက် ကိုသိန်းဇော်

March 24, 2021

AP သတင်းထောက် ကိုသိန်းဇော်ပြန်လည်လွတ်မြောက်

ဆန္ဒပြပွဲ သတင်းရယူရင်းဖမ်းဆီးခံခဲ့ရတဲ့  AP သတင်းဌာနရဲ့ မြန်မာပြည်အခြေစိုက် ဓာတ်ပုံ သတင်းထောက်  ကိုသိန်းဇော်ဟာ မတ်လ ၂၄ ရက် ဒီကနေ့  ရန်ကုန် အင်းစိန်အကျဉ်းထောက်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

သတင်းထောက် ကိုသိန်းဇော်ဟာ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့  မနက် ၁၀ နာရီလောက်က ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေရဲ့  သတင်းရယူနေစဉ်  ရဲတပ်ဖွဲ့ဝင်တွေရဲ့  ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူနဲ့ အတူသတင်းရယူရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့  Myanmar Pressphoto Agency ( MPA )မှ ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်ကတော့ ယနေ့အချိန် အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်၊ မုံရွာ၊ မန္တလေး စတဲ့မြို့တွေမှာ ဆန္ဒပြပြည်သူတွေကို ရဲက အကြမ်းဖက်ဖြိုခွဲတဲ့ ဖြစ်စဉ်ကို သတင်းယူနေတဲ့ ရန်ကုန်က  သတင်းသမား ၃ ဦး နဲ့ မုံရွာမြို့က သတင်းသမား ၁ဦး ဖမ်းဆီးခံခဲ့ရတာပါ။

AP ဓာတ်ပုံသတင်းထောက် ကိုသိန်းဇော်နဲ့ MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်တို့ လှည်းတန်းမှာ သတင်းရယူနေစဉ် ဖမ်းဆီးခံရပြီး  Myanmar Now သတင်းထောက် မကေဇွန်နွေးကတော့  မြေနီကုန်းမှာ သတင်းယူနေစဉ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မုံရွာမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက ဖမ်းဆီးနေတာကို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ မုံရွာဂေဇတ် ဂျာနယ်က CEO  ကိုကျော်ကျော်ဝင်း (ခ) ကိုလေးကိုလည်း အဆိုပါနေ့မှာ ရဲတပ်ဖွဲ့က ရိုက်နှက် ဖမ်းဆီးသွားခဲ့ပါတယ်။

Photo Credit- ရွှေအင်းသား ခင်မောင်ဝင်း/ Photo - MPA

ရန်ကုန် တာမွေမြို့နယ်မှာ မတ်လ ၃ ရက်နေ့က  စစ်အာဏာရှင်  လက်ကိုင်တုတ် ရဲနဲ့စစ်တပ်ရဲ့  မတရားဖမ်းဆီးခံခဲ့ရတဲ့ ရာနဲ့ချီတဲ့  ဆန္ဒပြကျောင်းသားလူငယ်တွေကို ဒီနေ့ မတ် ၂၄ ရက်မနက်မှာ အင်းစိန်ထောင်ကနေ တာမွေရဲစခန်းသို့ပို့ဆောင်ခဲ့ပြီးနောက် မိသားစုထံ  ပြန်လွှတ်ပေးခဲ့ပါတယ်။

Photo - MPA

2 years Ago
Up