Amava Apparel

A d v e r t i s e m e n t With Us

June 14, 2020

ပုသိမ် အထည်ချုပ်စက်ရုံတခုက အလုပ်သမအချို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဟုဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံက အလုပ်သမားအချို့ဟာ နိုင်ငံခြားသားပညာရှင်တဦးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေ ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်းက အလုပ်သမား အမျိုးသမီး ၅ ဦး၊ ၆ ဦးလောက်ကို အင်ဒိုနီးရှားနိုင်ငံသား မြန်မာ စကားကိုကျွမ်းကျင်စွာပြောနိုင်သူက နှုတ်နဲ့ရော လက်နဲ့ပါ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ ပြုလုပ်လာတာကြောင့် ကျူးလွန်ခံရသူတွေထဲက အိမ်ထောင်ရှိ အမျိုးသမီးတဦးက ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ လာရောက်အကူညီတောင်းခံခဲ့တယ်လို့ အလုပ်သမား အချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ပဋိပက္ခ ဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက ဒီဗွီဘီကို ပြောပါတယ်။ “လာတိုင်တဲ့ မိန်းကလေးအပါအဝင် စက်ရုံက မိန်းကလေး ၅ ယောက် ၆ ယောက်လောက်ကို သူက ချစ်သူရှိလား ချစ်ခြင်တယ်၊ ချစ်ကျမယ် ဒါမျိုးတွေပြောတယ်၊ နောက်တဆင့်က အမျိုးသမီးတွေရဲ့ ရင်သားနဲ့ အနီးဆုံး ဂျိုင်းသားနေရာတွေကို ပွတ်ဆွဲတာတွေ ကိုင်တာတွေ ပြီးတော့ ပေါင်းရင်းနေရာလောက်ကို သူ့လက်ကရောက်လာပြီးတော့ ပွတ်လိမ်ဆွဲတာမျိုးတွေ လုပ်တယ်လို့ သိရပါတယ်။” ဒါပြင် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ဟာ အလုပ်သမား အမျိုးသမီးတွေကို ရည်းစားရှိလား၊ အိမ်ထောင်ရှိလား မေးမြန်းတာတွေ ပြုလုပ်ပြီး ရှိကြောင်းပြန်ပြောပါက သူနဲ့ ချစ်ရအောင် အဲ့လိုကိစ္စကိုလည်း လူတွေမသိစေနဲ့ ဒါမျိုးတွေ ပြုမှုပြောဆိုတာတွေရှိနေတာကြောင့် မြန်မာအလုပ်သမားတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှုကို ကျူးလွန်နေတာ တော်တော်လေးဆိုးရွာတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်ရုံက အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံသားရဲ့ ပြောဆိုဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာရှိလာလို့ တိုင်ကြားတဲ့သူရော တိုင်ကြားခံရတဲ့သူကိုရော မျက်နှာဆုံးညီတွေ့ဆုံ ရှင်းလင်းတာတွေပြုလုပ်ပေးခဲ့တယ်လို့ Amava Apparel အထည်ချုပ်စက်ရုံ HR မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က DVB ကိုပြောပါတယ်။ “ဒီကလေးရဲ့ တိုင်စာကို အဓိကကြည့်တယ်၊ တကယ်ဖြစ်နေသလားဆိုပြီး ခေါ်ယူ ဖြေရှင်းပေး ထားပါတယ်။ အဲဒီလူကိုလည်း အရေးယူ ဆောင်ရွက်ထားပါတယ်။ ဒီလိုပြောတယ်ဆိုတဲ့ ကိစ္စတွေက လိင်ပိုင်းဆိုင်ရာ ပတ်သက်လောက်တဲ့အထိတော့ မဟုတ်ဘူး၊ အဲ့တော့ နောက်ကိုလည်း သူ့ကို လုပ်ငန်းသဘောတရားအရပဲ ပြောရမယ်၊ မသက်ဆိုင်တဲ့ဟာတွေကို မပြောရဘူးဆိုတာကို စာချုပ်ပါအချက်တွေကို ပြသပြီး ဖြေရှင်းပေးထားပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်တွင်တော့ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ကို စက်ရုံတာဝန်ရှိသူတွေရဲ့ သဘောထားဆုံးဖြတ်ချက်နဲ့ အရေးယူဆောင်ရွက်ပေးထားပြီး လိင်ပိုင်းဆိုင်ရာလောက်ထိတော့ ပြဿနာက မသွားထားတာကြောင့် လုပ်ငန်းသဘောတရားနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ထားတာတွေ ရှိပါတယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ Amava Apparel အထည်ချုပ်စက်ရုံမှာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အလားတူဖြစ်စဉ်မျိုးရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ ၂၉ ရက်နေ့က အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ Amava Apparel အထည်ချုပ်စက်ရုံကို ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်ရုံ ပိုင်ရှင်မှာ သီရိလင်္ကာနိုင်ငံသားတဦးဖြစ်ကာ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှ လာရောက်အလုပ်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား ၁၂ ဦးရှိပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသားကတော့ စက်ရုံကိုရောက်လာတာ ၅ လနီးပါးသာ ရှိသေးတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။ သီရိလင်္ကာနိုင်ငံသားပိုင် Amava Apparel အထည်ချုပ်ဟာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းနေတာဖြစ်ပြီး စက်ရုံမှ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
9 months Ago

April 4, 2020

Covid-19 ရောဂါဂယက်ကြောင့် Amava Apparel စက်ရုံအလုပ်သမား ၅၀၀ ခန့် အလုပ်ရပ်နားခံရ

Covid-19 ရောဂါဂယက်ကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ စက်မှုဇုန်က Amava Apparel စက်ရုံအလုပ်သမား ၅၀၀ နီးပါးလောက် အလုပ်က ရပ်နားခံရတယ်လို့ သိရပါတယ်။  ဥရောပနိုင်ငံတွေက ကုန်အဝယ်မရတော့တဲ့အတွက် ဧပြီ ၂ ရက်နေ့ အလုပ်ဆင်းချိန်မှာ အလုပ်သမား ၅၀၀ နီးပါး လျော့မယ်ဆိုတဲ့အကြောင်း အဆိုပါစက်ရုံက စာထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥရောပနိုင်ငံတွေက ကုန်မှာတာတွေ မရှိတော့လို့ အလုပ်သမားတွေကို အလုပ်ရပ်နားမယ့် အကြောင်းကို မတ်လ လကုန်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံးညှိနှိုင်းခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရပါတယ်။ ဒေါက်တာစိုးဝင်းက “အဓိကတော့ အီတလီပေါ့။ ဥရောပတိုင်းပြည်တွေက ဒုက္ခရောက်တဲ့အခါကျတော့ သူတို့စက်ရုံတွေက တင်ပို့နေရတဲ့ ကုန်တွေကို မမှာတော့ဘဲ ရပ်လိုက်တယ်။ အဲ့တော့ စက်ရုံက အလုပ်လျော့သွားတော့ အလုပ်သမားတွေကို လျှော့ချရတာပါ” လို့ ပြောပါတယ်။ အလုပ်မှာတာတွေ မရှိတော့လို့ အလုပ်သမား ၄၅၃ ဦးကို အလုပ်ရပ်နားခဲ့ရတာဖြစ်ပြီး စက်ရုံဘက်က စနစ်တကျ လုပ်သက်အလိုက် လျှော့ချတာမျိုးတွေနဲ့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေနဲ့ အခွင့်အရေးတွေရအောင် ညှိနှိုင်းပေးခဲ့ပြီး အလုပ်ပြန်ဖွင့်ချိန်မှာလည်း အလုပ်ပြန်ခန့်နိုင်အောင် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Amava Apparel စက်ရုံက လျှော့ချခဲ့တဲ့ ဝန်ထမ်း ၄၅၃ ဦးကို ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာ အလုပ်ရပ်နားတဲ့အတွက် နို့တစ်ကြေး ၁ လစာ၊ လုပ်သက်အရ နစ်နာကြေးနဲ့ လုပ်သက်ခွင့်ပြန်အမ်းငွေ၊ ဧပြီလ ၃ ရက်နေ့အထိ လုပ်ခကြေးငွေတွေကို အလုပ်သမားတွေကို ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် သီရိမျိုးအောင်က “လစာတွေ ထုတ်ပေးတာက အရမ်းကွာနေတယ်၊ နှစ်နည်းတဲ့သူက လုပ်သက်နှစ်များတဲ့သူထက် ပိုရနေတယ်၊ နှစ်ကြေးကို ၁ နှစ်ပြည့်မှ ပေးမယ်ပြောတယ်။ အခုကျနော်တို့က ၉ လပဲ ရှိသေးတော့ မရဘူး။ ကျနော်တို့က သူတို့ဆီမှာ ကျွန်ခံနေသလို ဖြစ်နေတယ်၊ စက်ရုံက လက်မှတ်ထိုးပြောလို့ ထိုးခဲ့တယ်” လို့ ပြောပါတယ်။ အလုပ်သမားတွေကို နစ်နာကြေးထုတ်ပေးချိန်မှာ လုပ်သက် တွက်ချက်တာ လွဲမှားတာတွေ ရှိနေပြီး လုပ်သက်နည်းတဲ့သူက လုပ်သက်များတဲ့သူထက် ပိုရတာတွေရှိနေလို့ အလုပ်သမားသမဂ္ဂ တွေ့ဆုံပြီး စက်ရုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံးညှိနှိုင်းဖို့ ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ “သမီးသူငယ်ချင်းနဲ့ သမီးနဲ့ တနေ့တည်း အတူတူအလုပ်ဝင်တာပါ၊ ခုသူငယ်ချင်းက ၄ သိန်း ၇ သောင်း ရတယ်၊ သမီးက ၃ သိန်း ၂ သောင်းပဲ ရတယ်၊ စက်ရုံမန်နေဂျာကို သွားပြောတော့ ရှင်းပေးမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ Amava Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၂၈၄ ဦးရှိတဲ့ထဲက ဧပြီလ ၃ ရက်နေ့မှာ အလုပ်သမား ၄၅၃ ဦးကို အလုပ်ရပ်နားခဲ့ပြီး  ကျန်အလုပ်သမားတွေနဲ့ စက်ရုံလည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုသိမ်မြို့က စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံပေါင် ၈ ရုံရှိပြီး တရုတ်၊ ထိုင်ဝမ်၊ သီရိလင်္ကာ စတဲ့ ပြည်ပနိုင်ငံတွေက လာရောက်ရင်းနှီးလုပ်ကိုင်နေပြီး ဒေသတွင်းက အလုပ်သမားဦးရေ ၁၂၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေကြတာပါ။ ဧရာဝတီတိုင်းမှာ ပထမဆုံး Covid-19 ရောဂါဂယက်ကြောင့် ကုန်ကြမ်းတွေ ဝယ်ယူလို့ မရတော့လို့ဆိုကာ ကန်ကြီးထောင့်မြို့နယ် ဟွာမှုန်အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်က ယာယီရပ်နားခဲ့ပြီး စက်ရုံကိုပါ ယာယီရပ်နားခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာလည်း ပုသိမ်စက်မှုဇုန်က မြန်မာနစ်တင်းအထည်ချုပ်စက်ရုံဟာ အလုပ်မှာယူတာတွေ မရှိတော့လို့ဆိုပြီး စက်ရုံရဲ့ အလုပ်သမား ၂၉၀၀ နီးပါးကို နစ်နာကြေးပေးပြီး အလုပ်ရပ်နားတာတွေ ပြုလုပ်ခဲ့တာပါ။ Covid-19 ရောဂါဂယက်ကြောင့် ဧရာဝတီတိုင်းမှာ ကုန်ကြမ်းမရတော့လို့ ရပ်နားခဲ့ရတဲ့ စက်ရုံ ၁ ရုံ နဲ့ အလုပ်မမှာတော့လို့ အလုပ်သမားဦးရေ လျှော့ချခဲ့ရတဲ့ စက်ရုံ ၂ ရုံ ရှိလာပြီး ၂ လအတွင်း စက်ရုံအလုပ်သမား စုစုပေါင်း အလုပ်လက်မဲ့ဦးရေ ၄၄၀၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago
Up