AIIB

June 29, 2015

ကန်ဒေါ်လာဘီလီယံ ၁၀၀ မတည်မည့် AIIB ဘဏ်ထူထောင်ရန် လက်မှတ်ထိုး

တရုတ်နိုင်ငံက ကမကထပြုပြီး မတည်ငွေကြီးမားလှတဲ့ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ထူထောင်ရာမှာ ပါဝင်ဖို့ အလားအလာရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံက ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဒီကနေ့ ဇွန် ၂၉ ရက်နေ့က လက်မှတ်ထိုးကြတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဒီလက်မှတ်ရေးထိုးမှုကနေ (AIIB) ဘက်ပေါင်းစုံအင်စတီကျူးရှင်းအတွက် ဥပဒေရေးရာမူဘောင် ချမှတ်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်ဝင်မတည်မယ့် AIIB ဟာ အာရှဒေသမှာ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အဦဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ သက်ဆိုင်ရာ စီးပွားရေးပမာဏပေါ်မှာ အခြေပြုပြီး ကိုတာစနစ်နဲ့ ရှယ်ယာစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း အထက်ကို အာရှနိုင်ငံတွေက ထည့်ဝင်နိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်က ၂၆ ဒသမ ၀၆ ရာခိုင်နှုန်း၊ အိန္ဒိယက ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ရုရှားက ၅ ဒသမ ၉၂ ရာခိုင်နှုန်း အသီးသီးထည့်ဝင်တဲ့ အကြီးဆုံးရှယ်ယာပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ တရုတ်ဒု-ဘဏ္ဍာရေးဝန်ကြီး ရှီယိုဘင်က တရုတ်နိုင်ငံအနေနဲ့ ဒီဘဏ်မှာ ဗီတိုဆုံးဖြတ်ပိုင်ခွင့် အာဏာကို ရှာဖွေမှာ မဟုတ်ဘူးလို့ ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။ ဘေဂျင်းမြို့မှာ ဌာနချုပ်ထားရှိမယ့် AIIB ဘဏ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကြိုတင် စည်းကမ်း သတ်မှတ်ချက် ၂ ရပ်နဲ့ လုပ်ငန်းစတင်မှာဖြစ်ပါတယ်။ တခုကတော့ အနည်းဆုံးပါဝင် လက်မှတ်ထိုးတဲ့ အလားအလာရှိတဲ့ နိုင်ငံ ၁၀ ခု ရှိခြင်းနဲ့ ကနဦးထည့်ဝင်ငွေဟာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏထက် တ၀က်ကျော်အောင် မနည်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ဘဏ်ဟာ ငွေကြေး ၂၂၃ ဒသမ ၂ ဘီလီယံ ရှိပြီး ဂျပန်က ဦးဆောင်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၉၅ ဘီလီယံနဲ့ လည်ပတ်နေပါတယ်။
6 years Ago

June 10, 2015

မြန်မာက တရုတ်ဘဏ်တွင် ရင်းနှီးမတည်ငွေ ကန်ဒေါ်လာ ၂၆၄ သန်းခွဲ ထည့်ဝင်မည်

တရုတ်နိုင်ငံက ကမကထလုပ် တည်ထောင်မယ့် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) မှာ မြန်မာနိုင်ငံက မတည်ရင်းနှီးငွေ ပမာဏ ၂၆၄ ဒသမ ၅ သန်း ထည့်ဝင်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဒီကိစ္စကို လွှတ်တော်က အတည်ပြုပေးဖို့ ပြောကြားခဲ့တာဖြစ်ပြီး ကနဦးထည့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉ သန်းကို ၁၀ နှစ်၊ ၁၀ ရစ်ခွဲ ထည့်ဝင်ရမှာ ဖြစ်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အဖွဲ့ဝင်နိုင်ငံ အရေအတွက်နဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဂျီဒီပီအညွှန်းကိန်းပေါ် မူတည်ပြီး ဘဏ်ရဲ့ ကနဦး မတည်ရင်းနှီးငွေကို မူလက အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ သတ်မှတ်ခဲ့တဲ့အတွက် မြန်မာက ဒေါ်လာ ၁၉၂ ဒသမ ၁၂ သန်း ထည့်ဝင်ဖို့ လျာထားခဲ့ပေမယ့် အဖွဲ့ဝင် နိုင်ငံတွေ ထပ်တိုးလာလို့  ဘဏ်ရဲ့မတည်ငွေဟာလည်း အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထိ တိုးမြင့်ခဲ့ပြီး မြန်မာက အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၅ သန်းထည့်ဝင်ဖို့ ဖြစ်လာတာလို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကလည်း အခုသတ်မှတ်လိုက်တဲ့ ပမာဏဟာ မြန်မာနိုင်ငံအနေနဲ့ ထည့်ဝင်နိုင်တဲ့ ငွေကြေးပမာဏ ဖြစ်တဲ့အတွက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) သို့ ၀င်ရောက်ဖို့နဲ့ မတည်ငွေ ထည့်ခွင့်ပြုသင့်တယ်လို့ လွှတ်တော်မှာ ပြောသွားပါတယ်။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်က မူလအဖွဲ့ဝင်တွေအဖြစ် နိုင်ငံပေါင်း ၂၂  နိုင်ငံ ပါဝင်မယ်ဆိုပေမယ့် ဒေသတွင်း တခြားနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေပါ အဖွဲ့ဝင်တွေအဖြစ် ပါဝင်လာကြတဲ့အတွက် လက်ရှိအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဂျီ-၇ စက်မှုနိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီးချိန်မှာ ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေက ဆက်လက်ပါဝင်လာပေမယ့် အမေရိကန်နိုင်ငံနဲ့ ဒေသတွင်း အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ အခုအချိန်ထိ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ အဖွဲ့ဝင်အဖြစ် အတည်ပြုခဲ့ပါတယ်။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်ကို ၂၀၁၅ ခုနှစ် မကုန်ခင်မှာ ဖွင့်လှစ်သွားမယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီး ရှိယိုဘင်းက ပြောကြားထားပြီး လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက ဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ၂၉ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံ ထည့်ဝင်ထားပါတယ်။ ဒီဘဏ်ဟာ  အမေရိကန်သြဇာမကင်းတဲ့  ကမ္ဘာ့ဘဏ်နဲ့ ဂျပန်က ခြယ်လှယ်နေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့နဲ့အပြိုင် ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ သုံးသပ်ရေးသားမှုတွေ ရှိပါတယ်။
6 years Ago
Up