A/H5N1

August 3, 2017

A/H5N1

Avian Influenza A(H5N1) ခေါ် ကူးစက်မြန် ပြင်းထန်ကြက်ငှက်တုပ်ကွေးရောဂါဟာ ၂၀၁၇ ခုနှစ်  တုပ်ကွေးရာသီမှာ မြန်မာနိုင်ငံအတွင်း တွေ့လာရကြောင်း သိရပါတယ်။ တုပ်ကွေးလို့ ဆိုရခြင်းက တုပ်ကွေး  အဖျားရောဂါဟာ နှစ်စဉ် အခုလို စိုစွတ်ပူပြင်းချိန်တွေမှာ ဖြစ်ပွားနေလေ့ရှိပါတယ်။ တနှစ်ကို နှစ်ကြိမ် သုံးကြိမ်လောက် ဖြစ်တတ်ပါတယ်။ ကြက်ငှက်တုပ်ကွေး ရောဂါကတော့ ကြက်ငှက်တွေမှာ ဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါတမျိုး ဖြစ်ပါတယ်။ ဆောင်းခိုငှက်တွေ၊ မွေးမြူရေးကြက်တွေလို သတ္တဝါတွေမှာ ဖြစ်ပွားပြီး တိရစ္ဆာန်တွေ အချင်းချင်း ကူးစက်လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ သူတို့စွန့်ပစ်တဲ့ အညစ်အကြေးတွေကတဆင့် အဓိကလမ်းကြောင်းနဲ့ အနီးကပ်နေတဲ့ မွေးမြူရေးလုပ်သားတွေ၊ ကူးစက်ခံ ကြက်ငှက်တွေကို စားတဲ့လူတွေဆီ ကူးစက်လာပါတယ်။ လူမှာ နဂိုက လူတုပ်ကွေးပိုး ကူးစက်ခံနေရရင် အဲဒီတုပ်ကွေးပိုးဟာ ပိုမိုပြင်းထန်လာတတ်ပါတယ်။ ဒါကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဟာ ကမ္ဘာပေါ်မှာ လူတွေကို ခြိမ်းခြောက်လာတဲ့ ကူးစက်ရောဂါတခု ဖြစ်လာပါတော့တယ်။ အာရှတိုက်ဟာ ကြက်ငှက်တုပ်ကွေး အဖျားရောဂါ အဖြစ်များတဲ့ ဒေသတခု ဖြစ်ပါတယ်။ ငှက်များ၊   မွေးမြူရေးကြက်ငှက်များမှာ ဒီရောဂါပိုးက အဓိက ရှိနေတတ်ပါတယ်။ အဲဒီကနေတဆင့် နီးစပ်ရာ လူတွေကို ကူးစက်ပါတယ်။ ဖော်ပြခဲ့သလို ကြက်ငှက်များနဲ့ အထိအတွေ့များတဲ့လူတွေဆီ ကူးစက်လေ့ရှိပါတယ်။ ကျက်အောင်ချက်မထားတဲ့ အသားတွေကိုစားတဲ့ လူတွေကိုလည်း ကူးစက်လာပါတယ်။ ကိုယ်ခံအားနည်းတဲ့ လူတွေဆီကိုပါ တဆင့်ကူးစက်တတ်ပါတယ်။ ကူးစက်ခံရသူက နှာချေချောင်းဆိုးရင် သူ့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေဖြစ်တဲ့ နှာရည်၊ ချွဲသလိပ်၊ တံတွေး စတာတွေကို ထိတွေ့မိသူတွေဆီ ကူးစက်လာနိုင်ပါတယ်။ နှာချေ၊ ချောင်းဆိုးလိုက်ရင် အနီးတဝိုက် ခြောက်ပေလောက်အထိ ပျံ့နှံ့နိုင်ပါတယ်။ ကူးစက်ခံရသူဟာ အခြားတုပ်ကွေးအဖျားတွေလိုပဲ ကိုယ်ပူခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ အစားပျက်ခြင်း၊ နုံးခွေခြင်း စသည်တို့ ခံစားရလေ့ရှိပါတယ်။ အသက်ကြီးသူများမှာ ကိုယ်ခံအားစနစ်ရဲ့ T Cells ခေါ် ရောဂါပိုးတွေကို ခုခံနိုင်တဲ့ ဆဲလ်တွေ နည်းသွားတတ်တာမို့ ခုခံအားနည်းရင် ပိုမိုပြင်းထန်လေ့ ရှိပါတယ်။ အလားတူပဲ နာတာရှည်ရောဂါ ခံစားနေရသူတွေ၊ ကင်ဆာရောဂါသည်တွေ၊ ဆီးချိုရောဂါနဲ့ ကိုယ်ခံအား ကျဆင်းနေသူတွေမှာလည်း ကူးစက်ခံရလွယ်ပြီး ပြင်းထန်တဲ့ ရောဂါဖြစ်စဉ်ကို ခံစားရလေ့ရှိပါတယ်။ သေကျေပျက်စီးမှုကလည်း ဒီအုပ်စုတွေထဲက အဖြစ်များတတ်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေလည်း ဖြစ်တတ်ပါတယ်။ တုပ်ကွေးရောဂါပိုးတွေဟာ ကိုယ်ခံအားနည်းသူတွေကို ကူးစက် အန္တရာယ်ပေးလေ့ ရှိပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါက A,B,C ဆိုပြီး အုပ်စုသုံးခု ရှိပါတယ်။ A အုပ်စု လူသားနဲ့ တိရစ္ဆာန်မှာ ဖြစ်ပွားတတ်ပြီး ကပ်ရောဂါအသွင်လည်း ပျံ့နှံ့တတ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၀၆ ခုနှစ်က ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန် လူရှစ်ဦးမှာ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ Influenza Type A/H5N1 Positive ဖြစ်ကြောင်း သိရပါတယ်။ ကြက်ခြံတခုမှာ တွေ့ရတာဖြစ်ပါတယ်။ အလားတူ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ အိမ်တအိမ်က ကြက်သေတကောင်မှာလည်း တွေ့ရကြောင်း သိရပါတယ်။ RT-PCR & Real Time PCR Test များအရ ၂၉.၇.၂၀၁၇ နေ့က အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီဆိုတာ သိထားရပါတော့မယ်။ သတိပြုပြီး ကာကွယ်တာ၊ မိမိတို့လုပ်သင့်တာတွေ လုပ်ဖို့ လိုအပ်ပါတယ်၊ အကြောက်လွန်ဖို့ မလိုတာလည်း ဂရုပြုရပါမယ်။ မွေးမြူရေးခြံတွေမှာ Biosafety ဇီဝလုံခြုံမှုတွေ ဆောင်ရွက်ရပါမယ်။ ပိုးသတ်ဆေးဖျန်းခြင်း၊ သားငါးရောင်းချရာ ဈေးများမှာလည်း အလားတူ ဆောင်ရွက်ရပါမယ်။ ခြံထဲကိုဝင်တာနဲ့ နှာခေါင်းစည်း၊ လက်အိတ်နဲ့ အခြား လုံခြုံမှုဆိုင်ရာ အစီအမံများ ဆောင်ရွက်ရပါမယ်။ လက်ဆေးခြင်း၊ တကိုယ်ရေသန့်ရှင်းမှု ဆောင်ရွက်ခြင်းတို့ကို မွေးမြူရေးနဲ့ ပတ်သက်သူများသာမက လူတိုင်း မဖြစ်မနေ လုပ်ရပါမယ်။ ကြက်ဥတွေကိုစားရင် ကျက်အောင် ကြော်ချက်စားရပါမယ်။ အခြား တုပ်ကွေးအဖျားရောဂါများမှာလိုပဲ လူတိုင်း လူစုလူဝေးများရာကို ရှောင်ကြဖို့၊ အပြင်ထွက်ရင် Mask နှာခေါင်းစည်းများကို တပ်ဆင်ကြဖို့၊ N95 Mask ကို လိုအပ်ရင်သုံးဖို့ သုံးရင်လည်း စနစ်တကျသုံးကြဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက် စာရင်းများအရ ယခုအခါ နိုင်ငံပေါင်း ၁၆ နိုင်ငံခန့်မှာ လူပေါင်း ၈၅၉ ဦး ကူးစက်ခံနေရပြီး ၄၅၃ ဦး သေဆုံးနေရပြီလို့ သိရပါတယ်။ အကြမ်းအားဖြင့် ကူးစက်ခံရသူ  တဝက်လောက် သေဆုံးနေရတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ A/H5N1 ဟာ ၂၀၁၆ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ကိုးကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတိုင်း အရေးပေါ်ထိန်းချုပ်ရေး စီမံချက်များနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရောဂါဖြစ်ပွားရာနေရာမှာ သေဆုံးကြက်များကို တွင်းတူးမြေမြှုပ်ခြင်း၊ ဇီဝလုံခြုံရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ ဖြစ်ပွားရာနေရာများသို့ ဝင်ထွက်သွားလာမှု ကန့်သတ်ခြင်း၊ သန့်ရှင်းရေး  အထူးဆောင်ရွက်ခြင်း၊ ကြက်ဥများ ကြက်သားများ ကူးသန်းသွားလာမှုများကို ထိန်းချုပ်ခြင်း၊ ဇီဝလုံခြုံမှုစည်းမျဉ်းများ တိကျစွာလိုက်နာစေခြင်း၊ ရောဂါဖြစ်သည့် ၁ ကီလိုမီတာအတွင်း ရောဂါစုံစမ်းထောက်လှမ်းခြင်း၊ ရောဂါပိုးတွေ့သောကြက်များ၊ သေဆုံးကြက်များကို သုတ်သင်ဖယ်ရှားခြင်း၊ ခြံလုပ်သားများရဲ့ ကျန်းမာရေးကို ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရပါတယ်။ အများပြည်သူတို့အနေနဲ့ သံသယရှိကြက်များ တွေ့ရှိပါက သက်ဆိုင်ရာတွေဆီ အမြန်သတင်းပို့ ဆက်သွယ်ဖို့ လိုအပ်ပါတယ်။ အခြား တုပ်ကွေးရောဂါများ ကာကွယ်ရေးလုပ်ငန်းများအတိုင်း တကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ကောင်းစွာအနားယူခြင်း၊ အိပ်စက်ခြင်း၊ လက်မှန်မှန်ဆေးခြင်း၊ Mask တပ်ဆင်ခြင်းများ အပါအဝင် မိမိတို့ကိုယ်တိုင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြဖို့ လိုပါတယ်။ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြသင့်ပါတယ်။ တုပ်ကွေးအဖျားရောဂါများဟာ အဓိအားဖြင့် ကာကွယ်ရေး ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ကာကွယ်ခြင်းသည်သာ အထိရောက်ဆုံး ဖြစ်ပါတယ်။ မိမိတို့ကိုယ်ကို ကာကွယ်ပါ (Protect  yourself)။ ရောဂါကို ကာကွယ်ပါ (Prevent Infection)။ ဒါမှ ထိရောက်တဲ့ ကာကွယ်ထိန်းသိမ်းမှု ရမှာဖြစ်ပါတယ်။ လူတိုင်း အသိရှိရှိ၊ သတိရှိရှိ၊ နိုးနိုးကြားကြား ရှိနေကြဖို့ လိုပါတယ်။ “ကာကွယ်ခြင်းသည်သာ အကောင်းတကာ့ အကောင်းဆုံး ကုသမှု ဖြစ်ပါတယ်။” “Prevention is the best of the best treatment.” ဒေါက်တာမြင့်သန်း(ညောင်လေးပင်) Reference- Avian Influenza WHO,GLMN 31.7.17
4 years Ago
Up