Adam Schlesinger

April 2, 2020

ဂရမ်မီဆုရ အမေရိကန်အဆိုတော် Adam Schlesinger ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဂရမ်မီဆုရ အမေရိကန်အဆိုတော် Adam Schlesinger ဟာ ဧပြီ ၁ ရက်နေ့မနက်ပိုင်းက သေဆုံးသွားပြီလို့ ဂါးဒီးယန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။  အသက် ၅၂ နှစ်အရွယ် သူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျားနေခဲ့တဲ့အတွက် နယူးယောက်မြို့ ဆေးရုံတရုံမှာ တက်ရောက်ကုသနေချိန်မှာ သေဆုံးသွားခဲ့တာလို့ မိသားစုဝင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။  သူဟာ မသေဆုံးခင် ၂ ပတ်အလိုလောက်ကတည်းက ဆေးရုံမှာ အသက်ရှူစက် (Ventilator) အကူအညီနဲ့ ဆေးကုသမှုခံယူနေခဲ့ရတာပါ။ Adam Schlesinger ဟာ ၁၉၉၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ နာမည်ကျော် အမေရိကန်ရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Fountains Of Wayne ကို တည်ထောင်သူတဦးအဖြစ် ထင်ရှားပါတယ်။ ဇနီးဖြစ်သူနဲ့ ကွာရှင်းထားခဲ့ပြီးဖြစ်တဲ့ Adam Schlesinger ဟာ သေဆုံးချိန်မှာတော့ သမီးဖြစ်သူ ၂ ဦးသာ ကျန်ရှိနေခဲ့ပါတယ်။ ခုလိုသေဆုံးမှုအပေါ် အနုပညာရှင်တွေကလည်း ကြေကွဲဝမ်းနည်းရကြောင်း ဖော် ပြခဲ့ကြပြီး အဆိုတော် Nicole Atkins ကတော့ “Adam Schlesinger ရဲ့ နာရေးသတင်းက ကျမအတွက် တကယ့်ကို ကြေကွဲဝမ်းနည်းရပါတယ်။ သူဟာ ကျမနဲ့ သီချင်းအတူ ဖန်တီးဖူးတဲ့သူပါ။ တကယ့်ကို စိတ်သဘောထားကောင်းပြီး ထူးချွန်တဲ့သူပါပဲ။ Fountains of Wayne အဖွဲ့သားတွေ၊ မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်”လို့ ပြောပါတယ်။ တေးရေးတဦးဖြစ်တဲ့ Diane Warren ကတော့ “ငြိမ်းချမ်းရာမှာ အိပ်စက်ပါတော့  Adam Schlesinger ရေ။ ကျန်ရစ်တဲ့ မိသားစုတွေနဲ့အတူ ချစ်ခြင်းများစွာနဲ့။ သီချင်းတွေအတွက် ကျေးဇူးတင်နေမှာပါ”လို့ ရေးသားဖော်ပြခဲ့ပါတယ်။ Adam Schlesinger ဟာ သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်မှာ အော်စကာ၊ ရွှေကမ္ဘာလုံးဆုတွေအပါအဝင်  Tonys၊ Grammys နဲ့ Emmys ဆုဆန်ကာတင်စာရင်း ဝင်ခဲ့သူတဦးဖြစ်ကာ Emmy ဆု ၃ ဆုနဲ့ Grammy ဆုတဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အော်စကာဆုဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာကတော့ ဟောလိဝုဒ်စတားတ ယောက်ဖြစ်တဲ့ မင်းသားကြီး Tom Hanks ရိုက်ကူးတဲ့ ဂီတဒရာမာရုပ်ရှင်အတွက် ၁၉၉၇ ခုနှစ်မှာ ရေးသားခဲ့တဲ့ That Thing You Do! သီချင်းနဲ့ ပါဝင်နိုင်ခဲ့တာပါ။ လတ်တလောမှာတော့ Tom Hanks ကလည်း ဒီသတင်းအတွက် ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရကြောင်း သူ့ရဲ့ တွစ်တာအင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ မင်းသားကြီး Tom Hanks နဲ့ ဇနီးဖြစ်သူတို့ဟာလည်း ဩစတြေးလျနိုင်ငံမှာ ရိုက် ကူးရေးတခုနဲ့ ရှိနေချိန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြန် လည်သက်သာကောင်းမွန်နေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up