ABC သတင်းထောက်

September 10, 2020

ABC သတင်းထောက်ကို တရုတ်နိုင်ငံမှ ထွက်ခွာခွင့်ပိတ်

တရုတ်နိုင်ငံအခြေစိုက် သြစတြေးလျရုပ်သံကော်ပိုရေးရှင်း ABC သတင်းဌာနက သတင်းထောက် ဘီလ်ဘာတယ်လ်စ်ဟာ တရုတ်နိုင်ငံထဲကနေ လေကြောင်းခရီးစဉ်နဲ့ ထွက်ခွာခါနီးဆဲဆဲမှာ တရုတ်အစိုးရ လုံခြုံရေးအရာရှိတွေက တားမြစ်ပိတ်ပင်ခဲ့တယ်လို့ စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။  သူနဲ့အတူ သြစတြေးလျဘဏ္ဍာရေးသုံးသပ်ချက်သတင်းဌာနက မိုက်ကယ်စမစ်တို့ဟာ တရုတ်အရာရှိတွေရဲ့ မေးခွန်းထုတ်တာ ခံရအပြီး သူတို့ ဘေးကင်းရေးအတွက် ကောင်စစ်ဝန်ရုံးရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံထဲကနေ ထွက်လာခဲ့ဖို့ ကြိုးစားခဲ့တယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းက အတည်ပြု ပြောဆိုပါတယ်။ အဲဒီနောက် သတင်းထောက် ၂ ယောက်ဟာ တရုတ်မြို့တော် ပေကျင်းမှာရှိတဲ့ သြစတြေးလျသံရုံးနဲ့ ရှန်ဟိုင်းမြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးတို့ဆီ ခိုလှုံခဲ့ကြပြီး သူတို့ကို တရုတ်နိုင်ငံထဲက ထွက်ခွင့်ပြုဖို့ သံတမန်တွေက တရုတ်အရာရှိတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့  ABC နဲ့ AFR သတင်းဌာနတို့က ကြေညာပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံ သြစတြေးလျနိုင်ငံသား ရုပ်သံသတင်းတင်ဆက်သူ ချန်လေ နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မဖြေမချင်း သူတို့ဟာ တရုတ်နိုင်ငံထဲကနေ ထွက်ခွာခွင့် တားမြစ် ပိတ်ပင်ခံရမယ်လို့ မီဒီယာတွေက ရေးပါတယ်။  ထိန်းသိမ်းခံသြစတြေးလျနိုင်ငံသား ချန်လေဟာ တရုတ်အစိုးရရုပ်သံမှာ ထင်ရှားတဲ့ စီးပွားရေးသတင်း တင်ဆက်သူဖြစ်ပြီး သူကို အာဏာပိုင်တွေက သြဂုတ်လမှာ ဖမ်းဆီးခဲ့တယ်လို့ AFR သတင်းဌာနက ပြောပါတယ်။
1 year Ago
Up