ရခိုင်ပြည်နယ်မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံဟာထိရောက်မှုနဲ့ ရိုးသားမှုအားနည်းနေပြီးမြန်မာပြည်မြောက်ပိုင်င်း ထိုးစစ်ကို အာရုံလွှဲတာလို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် (ULA/ AA)ကကြေညာပါတယ်။
မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်မှာ ဒေသခံပြည်သူတွေ ဆီကနေ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လှည့်ကွက်၊ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ ဂျက်တိုက်လေယာဉ်တွေ၊ အမြောက်တွေနဲ့ ထိုးစစ်ဆေးနေတာရဲ့ တိုက်ပွဲအာရုံပြောင်းကစားကွက်ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက“ကချင်နဲ့ ရှမ်းမြောက်တွေမှာ ဗမာစစ်တပ်ကနေပြီး လေကြောင်းကနေပြီး အကြီးအကျယ် တိုက်ခိုက်နေတာရှိတယ်။ အဲဒီဥစ္စာတွေကိုအခုမောင်တောပြသနာဖြစ်လာတော့ တော်တော် အာရုံပြောင်းသွားတယ်။ စစ်တပ်ဖက်ကလည်း ဒီဖက်ကို ဟိုင်းလိုက် ဖြစ်အောင် လုပ်တဲ့သဘော တွေအများကြီးတွေ့ရတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ထုတ်ပြန်ရခြင်းဖြစ်တယ်။ အဓိက ကျနော်တို့ ပြည်သူလူထုတွေရဲ့မလုံခြုံမှုတွေကို ထောက်ပြရတာဖြစ်တယ်။ နောက်ပြီး အစိုးရအနေနဲ့က ခေတ်အဆက်ဆက်မှာ ခိုးဝင်ဘင်္ဂလီတွေကိစ္စကို အစိုးရ အဆက်ဆက် နိုင်ငံရေး လက်နက်တခုအနေနဲ့ အသုံးချတာရှိတယ်။ တဖက်မှာ တခုခုအကြပ်အတည်း စိုက်ပြီဆိုလို့ရှိရင် ဒီဖက်ပိုင်းမှာ ပြသနာ တစုံတရာဖန်တီးတာတွေ အဲလိုမျိုးအစဉ်အလာတွေ ရှိနေတယ်။ အဲဒါကြောင့် ကျနော်တို့က အဲဒီအချက်တွေကို ပြည်သူလူထုတွေသိအောင် ထောက်ပြတာ”
ဒါ့အပြင် အစိုးရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ကျေးရွာတွေနဲ့ သူတို့ရဲ့ဒေသမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုရှိစေရန် အနီးကပ်သွားရောက်စောင့်ရှောက်ရမယ့် အစား အရပ်သားတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းနေတာ သံသယဖြစ်မိကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါကြောင့် အစိုးရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ဒေသနဲ့ ရခိုင်လူထုကို အကာအကွယ်မပေးနိုင်ပါက ရက္ခိုင့်တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်နိမိတ်ကျေးရွာတွေနဲ့ မိဘပြည်သူ လူထုလုံခြုံရေးအတွက် အဆင်သင့်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက်က မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်း ၃ခု တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၁ဦးပါအ၀င် ၉ ဦးသေဆုံးပြီး လက်နက်တွေ ပါသွားခဲ့တာဖြစ်ပါတယ်။
6 years Ago