AA စစ်ဦးစီးချုပ်ညီမ အမှု

October 26, 2019

တရားခံပြေး ဦးစိုးထွန်းရှိန် ဖမ်းဆီးမိရေးနှင့် AA စစ်ဦးစီးချုပ်ညီမ အမှု ထိုင်းနှင့်ပူးပေါင်းမည်

တရားခံပြေး ဦးစိုးထွန်းရှိန်အား ဖမ်းဆီးရမိရေးနဲ့ AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ညီမနဲ့ ယောက်ဖတို့ရဲ့ ထိုင်းနိုင်ငံအတွင်း အချက်အလက်တွေရရှိရေး ထိုင်း၊ မြန်မာ ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ တရားခံပြေးလို့ ကြေညာထားပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေ ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ ထိုင်းခရီးစဉ်အတွင်း ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကနေ တရားခံပြေးလို့ ကြေညာထားတဲ့သူတဦးကို ထိုင်းနိုင်ငံမှာ တွေ့ခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ဘယ်မှာ တွေ့တယ်၊ တည်းခိုတယ်၊ ထိုင်းကို ဘယ်ကနေ ရောက်လာတယ်ဆိုတဲ့ Network တွေ စုံစမ်းသွားမယ်လို့ ဆိုပါတယ်။ "ကျနော်တို့ သိတာကတော့ တာချီလိတ်ဘက်ကနေ ကုန်းလမ်းကြောင်းကနေ ကူးသွားတယ်လို့ ပြောတယ်။ ထိုင်းဘတ်စ်နဲ့ အဲဒီလို ကူးတယ်လို့ သိရတယ်ပေါ့။ လေဆိပ်က သွားတာမဟုတ်ဘူး။ သို့သော် အဲဒီမှာလည်း အားနည်းချက်တွေရှိတယ်။ ဒီ တာချီလိတ်ဂိတ်ပေါ့နော်၊ ဂိတ်မှာနေတဲ့ ဒီဘက်ခြမ်းက ပုဂ္ဂိုလ်တွေ ရှိတယ်။ အဲဒီအပေါ်မှာလည်း ပြန်ပြီးတော့ စိစစ်ခိုင်းထားတယ်။ တာချီလိတ်က သွားတယ်လို့ သိရတယ်။ ဟိုဘက်မှာတော့ ထိုင်းနိုင်ငံထဲမှာ ရှိတယ်လို့ သိရတယ်။ ကျန်တဲ့ အာရှပစိဖိတ်နိုင်ငံတနိုင်ငံနဲ့ အသွားအလာ ရှိတယ်လို့ သိရတယ်။ အဲဒီဟာတွေကိုတော့ အကြမ်းဖျင်းတော့ သိထားတာပေါ့။ သိတဲ့အချိန်မှာ ဆက်ပြီးတော့ အသေးစိတ်ဆက်လုပ်နေပါတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒါ့အပြင် AA စစ်ဦးချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ ယောက်ဖဖြစ်သူတို့ဟာ မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေ မိတဲ့ အမှုနဲ့ဆက်စပ်နေပြီး အချက်အလက်တွေ ရရေး ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ "လတ်တလော သိရသလောက်က ဟိုတလောက မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေမိတဲ့ အမှုမှာ ဆက်စပ်တယ်လို့ ပြောတယ်။ အဲဒီမှာလည်း ဟိုမှာ တယောက်က တက္ကစီမောင်းတယ်၊ တယောက်က စက်ချုပ်တယ်။ သူ့ရဲ့ ယောက်ဖနဲ့ ညီမပေါ့။ အဲဒီအချက်အလက်တွေကလည်း ထိုင်းရဲတပ်ဖွဲ့မှာ တချို့အချက်အလက်တွေ ရှိပါတယ်။"  တရားခံပြေးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို အချက်အလက် ခိုင်ခိုင်မာမာ သိရင် ပေးဖို့နဲ့ မြန်မာနိုင်ငံတပ်ဖွဲ့ကို ဖော်ထုတ်အရေးယူခိုင်းမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ တရားခံပြေး ဦးစိုးထွန်းရှိန် ဖမ်းဆီးရေးနဲ့ AA စစ်ဦးစီးချုပ် ညီမနဲ့ ယောက်ဖဖြစ်သူတို့အမှုနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ ရရှိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ထိုင်းနိုင်ငံကို ဒီနေ့သွားရောက်မယ်လို့ သိရပါတယ်။ ဦးစိုးထွန်းရှိန်ဟာ သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က)၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆၁ တို့နဲ့ အမှုဖွင့်ခံထားရသူဖြစ်ပါတယ်။  ချင်းမိုင်မြို့က ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ညီမနဲ့ ယောက်ဖဖြစ်သူတို့ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရတာပါ။ ဓာတ်ပုံ - ဦးဇော်ဌေး(သမ္မတရုံးပြောခွင့်ရ)
2 years Ago
Up