3D ပရင်တာ

October 4, 2015

3D ပရင်တာသုံး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း နည်းပညာ (ရုပ်သံ)

ဒန်းနစ်ပဲလက်ဂ်ဟာ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းကို တီထွင်နေပါပြီ။ အိမ်သုံး 3D ပရင်တာသုံးပြီး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းတွေကို သူမက ထုတ်လုပ်ခဲ့သလို ဒီနည်းပညာကို ဖောက်သည်တွေ လက်ထဲကို အချိန်မီထည့်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ "ခုချိန်ထိ လုပ်ငန်းသုံး 3D ပရင်တာတွေနဲ့ ဖက်ရှင်ဒီဇိုင်နာတွေပဲ စမ်းသပ်နေတာကို တွေ့ရတယ်။ ကျမကတော့ အိမ်မှာတင် 3D ပရင်တာသုံးပြီး ဖက်ရှင်ဒီဇိုင်းစုတခုလုံးကို ကြိုးစားထုတ်လုပ်ချင်ခဲ့တာပါ။" လုပ်ငန်းသုံးပရင်တာတွေက ပလတ်စတစ် အမာစားတွေနဲ့ပဲ အထည်တွေကို ထုတ်လုပ်နိုင်တာမို့ ၀တ်ဆင်လို့မရဘူးလို့ သူမက ဆိုပါတယ်။ အဖြေအမျိုးမျိုး ရှာပြီးတဲ့နောက်မှာတော့ FilaFlex လို့ခေါ်တဲ့ ပုံနှိပ်ပစ္စည်းတမျိုးသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပစ္စည်းက ရာဘာနဲ့ဆင်တူပြီး ကျုံ့ဆန့်သတ္တိ ပိုပြီးအားကောင်းပါတယ်။ သူ့ရဲ့ အ၀တ်အထည်ဒီဇိုင်းစု တခုလုံးကို ပုံနှိပ်ဖို့ နာရီပေါင်း ၃၀၀ သာ အချိန်ယူရပါတယ်။ ဒီအချိန်ဟာ ၁၂ ရက်စွန်းစွန်းပဲ ရှိတဲ့အချိန်ပါ။ ခုတော့ ဖြန့်ချိဖို့ အသင့်ဖြစ်နေပါပြီ။ "လူကြီးမင်းတို့အနေနဲ့ ကျမ အ၀တ်အထည်ဒီဇိုင်းတွေ ဥပမာ ဂျက်ကက်နမူနာတခုပဲ ယူလိုက်တယ်ဆိုပါတော့။ ယူပြီးတာနဲ့ ကိုယ့်အိမ်နဲ့ အနီးဆုံး စမ်းသပ်ခန်းတခုမှာ ပရင့်ထုတ်လိုက်ရုံပါပဲ။ ဖက်ရှင်ဒီဇိုင်းထုတ်နည်း၊ စက်ချုပ်နည်းတွေ သိဖို့မလိုပါဘူး။ ပရင့်ထုတ်ပြီး တွဲစပ်လိုက်ရုံပါပဲ။ အရုပ်ဆက်ပဟေဠိ ဆော့ရသလိုပေါ့။" ကပ်ကော်တော့လိုပါတယ်။ ပြီးရင်တော့ ခုလို အရောင်အသွေးစုံပြီး သိပ်ကို သက်သောင့်သက်သာရှိတဲ့ အ၀တ်တွေ ရလာပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ပွဲမှာ ပဲလက်ဂ်ရဲ့  ဖန်တီးမှုတွေကို ၀တ်ဆင်ကြည့်ခဲ့ကြတဲ့ နိုင်ငံတကာ ဖက်ရှင်ဘလော့ဂါတွေဟာ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။ "ကျနော် သိပ်ကြိုက်တယ်။ ဖက်ရှင်ဒီဇိုင်းစုတခုလုံးက ဒီနည်းပညာနဲ့ပဲ ထုတ်ထားတာဆိုတော့ အသစ်အဆန်း ဖြစ်နေတယ်လေ။ ဒါကြောင့် အရမ်းကို သဘောကျပါတယ်။" ခုချိန်မှာတော့ ပရင်တာနဲ့ထုတ်တဲ့ အ၀တ်အထည်တွေက သိပ်ကို ကုန်ကျစရိတ်များနေဆဲပဲလို့ ပဲလက်ဂ်က ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ ဖောက်သည်တွေအဖို့ ဈေးချိုလာမှာဖြစ်ပါတယ်။ ကိုယ်အနှစ်ခြိုက်ဆုံး ရှပ်အင်္ကျီသစ်ကို ကလစ်တချက်နှိပ်လိုက်ရုံနဲ့တင် ဒေါင်းလုပ်ချပြီး ရယူလိုက်ရုံပါပဲ။
6 years Ago

September 7, 2015

3D ပရင်တာမှထွက်သည့် နိုင်လွန်မှုန့်ဖြင့် ပြုလုပ်ထားသည့် ပရိဘောဂ (ရုပ်သံ)

အသုံးဝင်တဲ့ ခုလို အပျံစား ပရိဘောဂ တွေကို ပစ္စည်းအကြွင်းအကျန်တွေနဲ့ ထုတ်လုပ်ထားတာပါ။ ဒီခွေးခြေခုံလေးတွေ ဆိုရင် 3D ပရင်တာက ထွက်လာတဲ့ နိုင်လွန်မှုန့်တွေနဲ့ ဖန်တီးထားတာပါ။ လျှပ်စီးကြောင်းတခုကို လေဆာအပူတိုက်ရာမှာ ကြွင်းကျန်ရစ်တဲ့ အမှုန့်တွေထဲမှာ မြှုပ်ထားတဲ့ ၀ါယာကြိုးတွေထဲကို ဖြတ်သန်းစေပါတယ်။ "တိုးတက်ဖန်တီးခဲ့တဲ့ ကာလအတွင်း အပူတိုက်ထားတဲ့ ၀ါယာတလျှောက် အရည်ပျော်နိုင်တဲ့ ပလတ်စတစ် အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့တယ်။ မကြာခင်မှာဘဲ လေဆာအပူတိုက်စနစ်သုံး 3D ပရင်တာကနေ အလေအလွင့်တွေ အများကြီး ထွက်နေတာကို တွေ့လိုက်ရပါတယ်။" အင်္ဂလိပ်လူမျိုး ဘွဲ့ရတွေဖြစ်တဲ့ ဖေဘီယိုဟင်ဒရီနဲ့ ဆီအွန်ဂစ်လ်ချွိုင်တို့ ၂ ဦးဟာ ပရိဘောဂတွေ ဖန်တီးနိုင်မယ့်နည်းလမ်းကို တီထွင်ခဲ့ပါတယ်။ သူတို့က နစ်ကယ်အခြေပြု နီခရုမ်းဝါယာမျှင်တွေ သုံးပြီး ပုံသွင်းပါတယ်။ ပြီးမှ ဒီဝါယာပုံစံခွေကို ဆီလီကာသဲနဲ့ ပရင်တာကကျတဲ့ ပေါင်ဒါမှုန့်ရဲ့ အရောအစပ်တွေ ထည့်ထားတဲ့ ခွက်ထဲမှာ တပ်ဆင်လိုက်ပါတယ်။ လျှပ်စီးကြောင်းက နီခရုမ်းမျှင်ကို ၅၀၀ ဒီဂရီ ဆဲလ်စီးယပ်ထိ ပူလာစေတာမို့ ဒြပ်နှောတွေ အရည်ပျော်ကာ တသားတည်း ရောစပ်ပြီး အခဲအသွင် ဖြစ်သွားပါတော့တယ်။ "ပြင်ဆင်ရ လွယ်ကူပြီး အရမ်းမြန်တယ်။ ၀ါယာခွင်ဖော်ပြီးတာနဲ့ ဒြပ်နှောထည့် မိနစ် ၂၀ အပူပေးလိုက်ရုံပဲ။ ပြီးရင်တော့ အရမ်းကို မာကျောတဲ့ အသုံးဝင် ပရိဘောဂတခု ရတာပေါ့။" ပညာရှင် ၂ ဦးကတော့ သူတို့ရဲ့တီထွင်မှုဟာ 3D ပရင်တာက ထွက်လာတဲ့ ရီဆိုက်ကယ် မလုပ်နိုင်တဲ့ မနှစ်မြို့စရာ ဘေးထွက်ပစ္စည်းတွေကို အဆုံးသတ်ပစ်နိုင်မယ်လို့ ဆိုပါတယ်။ အကယ်၍ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ ပေါ်လာခဲ့ရင် ပရိဘောဂပစ္စည်းတွေကို အကြီးအကျယ် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
6 years Ago
More News
Up