မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ သူ့ရဲ့ အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ 1MDB ငွေကြေး အရှုပ်တော်ပုံနဲ့ ဆက်နွှယ်နေတဲ့ အမှုတခုအတွက် အပြီးသတ် အယူခံဝင်ဖို့ သြဂုတ် ၂၃ ရက်မှာ တရားရုံးကို ရောက်လာပါတယ်။
ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်မှာစဖို့ စီစဉ်ထားတဲ့ တရားရုံးရှေ့မှောက်ကို နာဂျစ် ရောက်လာချိန်မှာ သတင်းထောက်တွေကို လက်ဝှေ့ယမ်းပြခဲ့ပေမယ့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။
သူ့ကို ထောက်ခံသူ အယောက် ၁၀၀ လောက် တရားရုံးအပြင်ဘက်မှာ စုရုံးခဲ့ကြပြီး တချို့က “ဘုရားသခင်သာ အကြီးမြတ်ဆုံး”၊ “နာဂျစ်အတွက် တရားမျှတမှု” စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
အသက် ၆၉ နှစ်အရွယ် နာဂျစ်ဟာ နိုင်ငံတော်ရန်ပုံငွေ (1MDB) ရဲ့ ယူနစ်ဟောင်း SRC International ဆီကနေ အမေရိကန်ဒေါ်လာ ဆယ်သန်း တရားမဝင် လက်ခံရယူခဲ့လို့ ယုံကြည်မှုချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှုနဲ့ ငွေကြေးခဝါချမှုတို့ကြောင့် အပြစ်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ တရားရုံးက တွေ့ရှိခဲ့တာပါ။
အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တဲ့ နာဂျစ်ကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ ရင်းဂစ်သန်း ၂၁၀ နဲ့ ညီမျှတဲ့ (ဒေါ်လာ ၄၆ ဒသမ ၈၄ သန်း) ပေးဆောင်ဖို့ စီရင်ချက် ချမှတ်ခဲ့ပါတယ်။
နာဂျစ်ရဲ့ရှေ့နေတွေက ပြင်ဆင်ချိန်မလုံလောက်လို့ သူတို့ရဲ့ တင်ပြချက်တွေကို တင်သွင်းဖို့ ငြင်းဆိုထားပေမယ့် မလေးရှားအစိုးရရှေ့နေတွေက သြဂုတ် ၂၀ ရက်နေ့မှာ သူတို့ရဲ့ ငြင်းခုံမှုတွေကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။
ပြည်ထောင်စု တရားရုံးက စီရင်ချက်ကို ဩဂုတ် ၂၄ ရက်မှာ ချမှတ်နိုင်သလို ဆုံးဖြတ်ဖို့ ရက်စွဲအသစ်ကို သတ်မှတ်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားထားပါတယ်။