1917

December 24, 2019

ပထမကမ္ဘာစစ်ပွဲနောက်ခံ ဟောလိဝုဒ်ဒရာမာရုပ်ရှင်-1917 (နမူနာ)

ပထမကမ္ဘာစစ်ပွဲနောက်ခံ မြင်ကွင်းပုံရိပ်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဟောလိဝုဒ် ဒရာမာရုပ်ရှင် 1917 ကို အမေရိကန်နိုင်ငံမှာ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ American Beauty ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုတွေ၊ အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့တဲ့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Sam Mendes က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Universal Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ 1917 လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ ခုနောက်ပိုင်း ခပ်စိပ်စိပ် ရိုက်ကူးလာကြတဲ့ ဒုတိယကမ္ဘာစစ်ပွဲ နောက်ခံရုပ်ရှင်ကားတွေနဲ့မတူ တမူကွ ပြားပြီး ပထမကမ္ဘာစစ်ပွဲကာလကို အခြေတည်ရိုက်ကူးထားခဲ့တာပါ။  ဒီကားထဲမှာတော့ ဗြိတိန်စစ်သား ၁၆၀၀ ဟာ ရန်သူ့နယ်မြေဘက်ကို ချီတက်ဖို့ လုပ်ထားကြချိန်မှာ ဒီသတင်းကို တဖက်က သိသွားခဲ့တဲ့အတွက် အဆင်သင့် စောင့်နေကြပါတယ်။ ဒီလိုရှေ့ဆက်တိုးရင်တော့ သူတို့အားလုံး အသတ်ခံရတော့မယ့် အခြေအနေမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဆက်သွယ်ရေးခက်ခဲတဲ့ အဲဒီကာလအတွင်း ခြေလျင်စစ်သား ၂ ယောက်ကို စစ်မြေပြင်နဲ့ ရန်သူနယ်နိမိတ်ကို ဖြတ်ပြီး စစ်ဆင်ရေး ရပ်ဆိုင်းမိန့်ပေးဖို့ နာရီပိုင်းအတွင်း ရောက်အောင် သွားခိုင်းချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ၊ တကယ်ရော ကယ်တင်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲမှာ ဟောလိဝုဒ် နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ George MacKay ၊ Dean-Charles Chapman ၊ Mark Strong ၊ Andrew Scott ၊ Richard Madden၊ Colin Firth စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၉ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ် ရှင်ကားဟာ American Film Institute ကပေးတဲ့ Top Ten Films of the Year ဆုနဲ့ တခြားဆုတွေလည်း ရရှိထားပြီး အော်စကာဆုဆန်ခါတင်စာရင်းမှာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ဟာ Rating 8.6 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
2 years Ago
Up