အိမ် အပြန်လမ်း

April 13, 2021

အိမ် အပြန်လမ်း

"ရပ်..ဒိုင်း"

ပါးစပ်ကထွက်ကျလာတဲ့ အသံ။

သေနတ်ပြောင်းဝက ထွက်ပေါ်လာတဲ့အသံ။

ထိုနှစ်သံ..

တချိန်တည်း၊ တပြိုင်တည်း ကြားလိုက်ရတယ်။

သူ သိလိုက်ပြီ။

သူတို့ သေနတ်ဖြင့် အပစ်ခံရပြီ။ 

သူတို့ဆိုတာက ဆိုယ်ကယ်စီးနေတဲ့ ကိုဘိုဘိုနှင့် ကျောချင်းကပ် လိုက်ပါစီးနေတဲ့ သူ့ဇနီး မထက်ထက်ဝင်း။

အချိန်က ည ၈ နာရီစွန်းစွန်း။ 

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတော့ ထိုအချိန် လမ်းပေါ်မှာ သွားလာသူ ကင်းမဲ့လျက်။ ဆိုင်ကယ်တစ်စီးကတော့ မန္တလေးမြို့၊ မနော်ဟရီလမ်းမထက်မှာ တသောသောပြေးလျက်။ ဆိုင်ကယ်ပေါ်မှာတော့ ကိုဘိုဘိုတို့ အကြင်လင်မယား။

အလုပ်ကိစ္စဖြင့် ဧည့်သည်နဲ့တွေ့ဆုံ၊ ညစာအတူစားပြီး လင်မယားနှစ်ယောက် အိမ်ပြန်လာစဉ် အချိန်က ည ၈ နာရီစွန်းနေပြီဆိုတော့ ရင်ထဲမှာတော့ တထိတ်ထိတ်။ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပက်ပင်းမတိုးမိစေနဲ့လို့ ဆုတောင်းရင်းပေါ့။ 

ဒါပေမဲ့ ကိုဘိုဘိုရဲ့ ဆုတောင်းမပြည့်ခဲ့ပါ။ 

မှောင်ရိပ်ခို၊ ပုန်းအောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ဝင်တစ်ယောက်က သေနတ်နဲ့ လှမ်းပစ်တာခံလိုက်ရတယ်။ 

မီးရောင်ထိန်ထိန် လင်းနေတဲ့လမ်းမထက် မောင်းနေဆဲ ဆိုင်ကယ်ကတော့ ရပ်တန့်မသွားခဲ့ဘူး။

အပစ်ခံရလို့ .. စက္ကန့်ပိုင်းအကြာ။

"အကို...ဆိုင်ကယ်ခဏရပ်ပေးပါ။ ညီမ...ခေါင်းအရမ်းမူးနေပြီ"

"ခါးကိုသေချာဖက်ထား...ညီမ....။ အိမ်ရောက်တော့မယ်"

ဒါပေမဲ့  .... သူမ မကြားနိုင်တော့ပါ။ 

သူ့ခါးကိုဖက်တွယ်ထားတဲ့ လက်တစ်စုံလည်း ရှိမနေတော့ပါ။ 

မနော်ဟရီလမ်းမထက်၊ ကတ္တရာလမ်းမပေါ် သူ့ဇနီး ဆိုင်ကယ်ပေါ်က ကျကျန်ခဲ့ပြီ။ 

သွားနေဆဲ ဆိုင်ကယ်ကို ရပ်ရမလား၊ ဆက်မောင်းရမလား။ 

ထိတ်လန့်မှုက သူ့ကို ဆုံးဖြတ်ချက်ချဖို့ ခက်ခဲစေခဲ့ပါတယ်။

ဒွိဟစိတ်ဖြင့် ဇောကပ်ပြီး အိမ်ကိုပဲ မြန်နိုင်သမျှ မြန်မြန်ဆက်မောင်းနေမိတယ်။ အိမ်ကိုရောက်ဖို့ကလည်း သိပ်မဝေးတော့ဘူး။ အလွန်ဆုံး နောက်ထပ် ၁၀ မိနစ်။   

သူ့အတွေးမှာတော့ အိမ်ကိုအရင်ပြန်မယ်။

အိမ်သားတွေနဲ့ ရပ်ကွက်သူ၊​ ရပ်ကွက်သားတွေထံ သူ့ဇနီးကို ပြန်လာကယ်ဖို့ အကူအညီတောင်းမယ်။

အိမ်ရှေ့ရောက်လို့ ဆိုင်ကယ် ရပ်နားလိုက်ပါတယ်။

သူ့ကိုယ်သူ သတိထားမိလိုက်တယ်။ 

"ငါ.. ခေါင်းတွေ အရမ်းမူးနေပါလား"

ဝမ်းဗိုက်ကို လက်နဲ့စမ်းရင်း ငုံ့ကြည့်လိုက်တော့ လက်မှာ သွေးတွေ။

"ငါလည်း သေနတ်မှန်ထားပါလား"

ထို့နောက် သူ ဘာမှ သတိမရတော့ပါ။

နောက်တစ်နေ့ ..သူ နိုးထလာတော့ ချစ်ရတဲ့သူ့ဇနီး မထက်ထက်ဝင်း ဆုံးရှာပြီ။ ပြုတ်ကျကျန်ခဲ့တဲ့ ထိုနေရာမှာပဲ သေနတ်ဒဏ်ရာနဲ့ ဆုံးသွားခဲ့ရတယ်။

"သူ့ဝမ်းဗိုက်ကိုဖောက်ထွက်သွားပြီးမှ သူ့ဇနီးကို သေနတ်ကျည်မှန်သွားတာတဲ့"

(ဧပြီ ၃ ရက် ညအချိန်၊ မန္တလေးမြို့၊ အိမ်အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဆုံးပါးသွားသည့် မထက်ထက်ဝင်း ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။)

ကျော်စိုး

1 month Ago
Up