တိုင်ကြားမှု

January 31, 2021

စဉ့်ကူးတွင် ထောက်ပံ့ကြေးကိစ္စ တိုင်ကြားမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဆေးနေ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ခူလယ်ကျေးရွာအုပ်စုမှာ နိုင်ငံတော်က ပေးအပ်တဲ့ ကိုဗစ်ထောက်ပံ့ကြေးငွေ မရရှိတဲ့ ပြည်သူတွေက မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တိုင်ကြားထားတဲ့အပေါ် စစ်ဆေးနေပြီး မှန်ကန်ပါက အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ပြောပါတယ်။

“ကျနော်တို့ အနနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ခရိုင်ကတဆင့် တိုင်းအစိုးရဆီ တင်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေမှ တိုင်ကြားမှုမှန်ကန်ရင်တော့ စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူမှုအပိုင်းမှာ ဆက်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

နိုင်ငံတော်ကနေ တနိုင်ငံလုံးအတိုင်းတာအရ ကိုဗစ်ကာလမှာ ပြည်သူများကို ထောက်ပံ့ကြေး ၄ ကြိမ်ပေးအပ်ရာမှာ တကြိမ်မှ မရတာကြောင့် တိုင်ကြားတာလို့  ကျေးရွာနေ   ဦးအောင်သန်းက ပြောပါတယ်။

“ကျနော်တို့ ဒုတိယရော၊ တတိယအကြိမ်ရော၊ စတုတ္ထအကြိမ်ပါ မပါခဲ့ဘူး။ ဒါ့ကြောင့် ဘယ်လို လူတွေပေးလဲလို့ မေးတော့ နိုင်ငံတော်က စားဝတ်နေရေး အခက်အခဲဖြစ်တဲ့သူတွေ  ပေးတာတဲ့၊ ကျနော်လည်း ဆင်းရဲတာပဲလေ၊  ဒါပေမဲ့ မပါဘူး။”

ခူလယ်ကျေးရွာအုပ်စုမှာ ကျေးရွာ ၅ ရွာရှိပြီး တအိမ်ထောင်ကို ၂၀,၀၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ၁၄၇ သိန်းပေးအပ်ခဲ့ပြီး ထောက်ပံ့ကြေးမရတဲ့ အိမ်ထောင်စု ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ခူလယ်ကျေးရွာအုပ်စု ကြက်ဖြူတောင်ကုန်းကျေးရွာနေ ဦးမျိုးတင့်က “ကျနော်လည်း ဆင်းရဲသားစာရင်းဝင်ပါလျက်နဲ့ မပေးတဲ့အတွက် ကျနော်တိုင်ကြားပါတယ်။ အဲဒီလို တိုင်တဲ့အခါမှာ ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးက မတိုင်ပါနဲ့၊ မင်းအတွက်ရမယ့် ငွေကို ငါတို့ပေးမယ်၊ ဒီကိစ္စကိုလည်း ပြဿနာတက်အောင်လုပ်မနေပါနဲ့ဆိုပြီး တောင်းပန်လာတယ်။ ကျနော့်ကတော့ လက်သင့်မခံဘူး” လို့‌ ပြောပါတယ်။

အခုလို တိုင်ကြားခံထားရတဲ့အပေါ်မှာ ခူလယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆွေလင်းက ဆယ်အိမ်မှူးတွေနဲ့ ရာအိမ်မှူးတွေ ကောက်ခံရရှိတဲ့ စာရင်းအရဆောင်ရွက်ရတာလို့ ပြောပါတယ်။

“ကျနော်ကိုယ်တိုင်လည်း ကျေးရွာတာဝန်ခံတွေ တင်လာတဲ့ စာရင်းနဲ့အညီ မြို့နယ်တင်ပေးပါတယ်။ မြို့နယ်က အိမ်ထောင်စု ၇၃၅ အိမ်ကို သိန်း ၁၄၇ သိန်းရရှိပါတယ်။ အဲဒါကို ကျေးရွာရာအိမ်မှူးတွေကို ခွဲဝေပြီး ပေးခိုင်းပါတယ်။ ကျနော့်အနေနဲ့ကတော့ နိုင်ငံတော်က ပေးတာ ၂၀,၀၀၀ ကျပ်ပါ။ တကယ်လို့ ကျနော်သာ လာဘ်စားမယ်ဆိုရင် ဘာမှ သုံးလောက်စွဲလောက်တဲ့ ပမာဏလည်း မဟုတ်ပါဘူး။”

ခူလယ်ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၇၅၃ အိမ်ရှိပြီး စတုတ္တအကြိမ်မြောက် ထောက်ပံ့ကြေးကို ကျေးရွာအတွင်းမှာ ဇန်နဝါရီလအတွင်းက စတင်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

9 months Ago

February 19, 2020

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရသည့်ကိစ္စ  ယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားမှုများပြား

မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရရှိမှုနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်မှုကော်မရှင်ကို တိုင်ကြားမှုများတယ်လို့ ကော်မရှင်ထံက သိရပါတယ်။  ယှဉ်ပြိုင်မှုကော်မရှင်က စျေးကွက်အတွင်းမှာ လက်ဝါးကြီးအုပ်ချုပ်ကိုင်တာတွေ၊ စျေးနှုန်း ထိန်းချုပ်တာတွေနဲ့ ပတ်သက်လို့ တိုင်ကြားလာခဲ့ရင် မျှတမှုရှိအောင် စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်တာတွေ ပြုလုပ်ပေးနေတာပါ။ ကော်မရှင်ရဲ့ သတ်တမ်း သုံးနှစ်အတွင်းမှာ တိုင်ကြားလာတဲ့အမှု ၁၆ မှုကို ကိုင်တွယ်ဖြေရှင်း ပေးနေတာဖြစ်ပြီးတော့ အများဆုံးတိုင်ကြားလာမှုကတော့ လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးခွင့်ရှိတဲ့ အစိုးရ၊ လွှတ်တော်၊ ကော်မတီတွေနဲ့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေကို စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့် မရရှိတာနဲ့ ပတ်သက်လို့ တိုင်ကြားတာလို့ ယှဉ်ပြိုင်မှုကော်မရှင် ဒုဥက္ကဋ္ဌ ဦးသန်းမောင် (စစ်တွေ)က ပြောပါတယ်။  လက်ရှိမှာက ကော်မရှင်ကို တိုင်ကြားလာမှုတွေထဲမှာ ၅မှုကတော့ ဖြေရှင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီထဲမှာ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရတဲ့ အမှု ၂ မှု ပါဝင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကော်မရှင်ကို တိုင်ကြားလာမှုတွေထဲမှာ တပ်မတော်နဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေအပေါ် တိုင်ကြားလာမှုက မရှိသေးဘူးလို့ကော်မရှင်ကဆိုပါတယ်။ စျေးကွက်အတွင်းမှာ မျှတတဲ့ ယှဉ်ပြိုင်မှုတရပ် ဖြစ်ပေါ်စေဖို့အတွက် အရင်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ယှဉ်ပြိုင်မှုဥပဒေတစ်ရပ်ကို အတည်ပြုပြဠာန်းခဲ့တာပါ။ ကော်မရှင်ကိုတော့ ၂၀၁၈ခုနှစ်အောက်တိုဘာ လမှာ စတင်ဖွဲ့စည်းခဲ့တာပါ။ စိုးချစ်ချစ်ပိုင်  
2 years Ago
Up