စဉ့်ကူး

August 23, 2021

စဉ့်ကူးနှင့်မတ္တရာမြို့နယ်တို့တွင် ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၆ လုံး ပြောင်းရွှေ့ခဲ့ရ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့မှာ ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၆ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၂၀ ရက်က စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာနဲ့ မြေနုကျေးရွာတို့မှာ လူနေအိမ် ၇ လုံး၊ အိမ်ထောင်စု ၇ စု နဲ့ သြဂုတ် ၂၁ ရက်က မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာနဲ့ အေးကျွန်း‌ကျေးရွာတို့မှာ လူနေအိမ် ၉ လုံး၊ အိမ်ထောင်စု ၉ စု ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက စဉ့်ကူးမြို့နယ်က အိမ်ထောင်စု ၇ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနဲ့ လူဦးရေ ၃၃ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း ၇၆၉,၃၀၀ ကျပ်ကို ထောက်ပံပေးခဲ့ပါတယ်။

ဒါအပြင် မတ္တရာမြို့နယ်မှာ အိမ်ထောင်စု ၉ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနဲ့ လူဦးရေ ၃၉ ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း ထောက်ပံ့ငွေ ၉၆၁,၉၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

2 months Ago

July 16, 2021

စဉ့်ကူးတွင် ရဲကြေးပေးပြီး လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်လုပ်နေ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရဲကြေးပေးပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေထွက်တဲ့ ဒေသတွေဖြစ်တဲ့ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ငါးပြားပေး စတဲ့ ရွာတွေမှာ လုပ်နေကြတာဖြစ်ပြီး ရဲ မြို့နယ်မှူးကို နှစ်ရက် ၃ သိန်း ကျပ်၊ ရဲကင်းစခန်း စခန်းမှူးကို တစ်ရက် ၁ သိန်းကျပ် နဲ့ နယ်ထိန်းကို နှစ် ရက် ကျပ် ၂ သိန်းခွဲ ပေးဆောင်ရတယ်လို့ ဆိုကြပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ ပေါ်ပေါ်ထင်ထင် လုပ်လာကြတယ်။ ရဲတွေကလည်း ငွေကြေးရနေတော့ ဘာမှ မပြောဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ် တတိယလှိုင်းမှာ ရောဂါပိုး ကူးစက်တာများလာပြီး သေဆုံးတာတွေပါ ရှိလာတဲ့အတွက် လူစုလူဝေးနဲ့ လောင်းကစား လုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့  ရောဂါပိုး ကူးစက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

3 months Ago
More News
Up