ကျေးရွာအုပ်ချုပ်ရေးမှူး

October 18, 2021

တွံတေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ၊ ရွာသားအချို့ကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် အောက်တိုဘာ ၁၈  ရက်နေ့ မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

လာကပုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကို ဒီမနက်မှာ ရှင်းလင်းခဲ့တယ်လို့ မြို့ပြ ပြောက်ကျား-တွံတေးအဖွဲ့က ပြောပါတယ်။

“မနက် ၈ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း နောက်စေ့ကို ပစ်လိုက်တာ။ အဲဒီနေရာမှာ ပွဲချင်းပြီးပဲ။ ကျနော်တို့ထွက်လာပြီး တော်တော်ကြာမှာ စစ်သားတွေ ရောက်လာတယ်” လို့ ပြောက်ကျားအဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဘုရားကြီးစံပြကျေးရွာမှာ ပစ်သတ်ခံရတာဖြစ်ပြီး အနီးဝန်းကျင်ရွာတွေမှာ တပ်စွဲထားတဲ့ စစ်သားတချို့ ရောက်လာပြီးနောက် လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယားနဲ့ နောက်ထပ် ရွာသား ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “သူက အုပ်ချုပ်ရေးမှူးဖြစ်ပြီးတော့ သပိတ်တွေ မလုပ်ဖို့ တားတယ်။ မီတာခဆောင်ဖို့ ပြောတယ်။ ကျောင်းတွေ ပြန်ဖွင့်ဖို့လုပ်တယ်။ စစ်တပ်ရဲ့ဒလန်လုပ်နေတာ” လို့ ပြောပါတယ်။

အခုတော့ အလောင်းကို သယ်ယူသွားပြီဖြစ်ပြီး တွံတေးမြို့ပေါ်က စစ်သားတွေ ကား ၄ စီးနဲ့ အဲဒီရွာကို သွားနေတယ်လို့လည်း သိရပါတယ်။

တွံတေးပြောက်ကျားတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မြို့နယ်ထဲက မိုင်တဲ တာဝါတိုင် ၂ တိုင်ကို ဖောက်ခွဲခဲ့ပါသေးတယ်။

3 days Ago

October 17, 2021

ဘုတလင် ထွေအုပ်ရုံးကားကို PDF က တိုက်ခိုက်၊ မုံရွာက ကျေးရွာအုပ်ချုပ်ရေးမှူး အမြွှာနှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထ‌နောင်းကုန်းကျေးရွာနဲ့ ဇီးကုန်းကျေးရွာကြား ပိုးကုန်းလမ်းခွဲ၊ မုံရွာ-‌ရေဦး-တန့်ဆည်လမ်းမ‌ပေါ်မှာ အောက်တိုဘာ ၁၇ ရက်‌ နေ့လယ် ၁ နာရီခွဲက ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။

“ကျနော်တို့နယ်မြေခံ PDF တွေက အထွေထွေအုပ်ချုပ်ရေးမှူးရုံးကား ဖြစ်တယ်လို့ သတင်းရတာနဲ့ အခုလို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ အကျအဆုံးကတော့ မသိရသေးဘူး။ ကားကတော့ တပတ်လည်သွားတယ်။ ကျနော်တို့လည်း မိုင်းဆွဲပြီး အသက်လုပြေးရတာကြောင့် အတိအကျတော့ မပြောနိုင်ဘူး။ အကျအဆုံးကတော့ များလိမ့်မယ်လို့ ခန့်မှန်းထားတယ်” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း အခု အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးတွေ အင်အားအလုံးအရင်းနဲ့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီ ကားတန်းတွေကို အကြိမ်ကြိမ် အခုလို မိုင်းဆွဲခဲ့တာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊  ကျောက္ကာမြောက်ရွာ လက်ဖက်ရည်ဆိုင်တဆိုင်မှာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့ အမြွှာညီအစ်ကို ၂ ယောက်ကို အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီလောက် အမည်မသိလက်နတ်ကိုင်အဖွဲ့က ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

ဦးညီညီဝင်းရဲ့ သူငယ်ချင်းတစ်ဦးက “ဘယ်အဖွဲ့မှန်းတော့ မသိလိုက်ရဘူးဗျ။ အခု အသတ်ခံရတဲ့ ဦးညီညီဝင်းကတော့ ကျောက္ကာမြောက်ရွာက အုပ်ချုပ်ရေးမှူးတစ်ဦးပဲဗျ။ အုပ်ချုပ်ရေးမှူးတာဝန်ကနေ ထွက်စာတင်ထားတာ ၃ ကြိမ် တင်ထားတယ်ဗျ။ မနက်ခင်း လက်ဖက်ရည်‌သောက်ရင်း အခုလို ဦးညီညီဝင်းတို့ အမြွှာညီအစ်ကို အသတ်ခံလိုက်ရတယ်”လို့ ပြောပါတယ်။

ဦးညီညီဝင်းတို့ အမြွှာညီအစ်ကိုကို သတ်သွားသူတွေဟာ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ သီးခြားအတည်ပြုချက်  မရသေးပါဘူး။ လက်ရှိအချိန်မှာ အလောင်းကို အကြမ်းဖက်စစ်ကောင်စီက သယ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

4 days Ago
More News
Up