မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ခူလယ်ကျေးရွာအုပ်စုမှာ နိုင်ငံတော်က ပေးအပ်တဲ့ ကိုဗစ်ထောက်ပံ့ကြေးငွေ မရရှိတဲ့ ပြည်သူတွေက မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တိုင်ကြားထားတဲ့အပေါ် စစ်ဆေးနေပြီး မှန်ကန်ပါက အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ပြောပါတယ်။
“ကျနော်တို့ အနနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ခရိုင်ကတဆင့် တိုင်းအစိုးရဆီ တင်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေမှ တိုင်ကြားမှုမှန်ကန်ရင်တော့ စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူမှုအပိုင်းမှာ ဆက်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
နိုင်ငံတော်ကနေ တနိုင်ငံလုံးအတိုင်းတာအရ ကိုဗစ်ကာလမှာ ပြည်သူများကို ထောက်ပံ့ကြေး ၄ ကြိမ်ပေးအပ်ရာမှာ တကြိမ်မှ မရတာကြောင့် တိုင်ကြားတာလို့ ကျေးရွာနေ ဦးအောင်သန်းက ပြောပါတယ်။
“ကျနော်တို့ ဒုတိယရော၊ တတိယအကြိမ်ရော၊ စတုတ္ထအကြိမ်ပါ မပါခဲ့ဘူး။ ဒါ့ကြောင့် ဘယ်လို လူတွေပေးလဲလို့ မေးတော့ နိုင်ငံတော်က စားဝတ်နေရေး အခက်အခဲဖြစ်တဲ့သူတွေ ပေးတာတဲ့၊ ကျနော်လည်း ဆင်းရဲတာပဲလေ၊ ဒါပေမဲ့ မပါဘူး။”
ခူလယ်ကျေးရွာအုပ်စုမှာ ကျေးရွာ ၅ ရွာရှိပြီး တအိမ်ထောင်ကို ၂၀,၀၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ၁၄၇ သိန်းပေးအပ်ခဲ့ပြီး ထောက်ပံ့ကြေးမရတဲ့ အိမ်ထောင်စု ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ခူလယ်ကျေးရွာအုပ်စု ကြက်ဖြူတောင်ကုန်းကျေးရွာနေ ဦးမျိုးတင့်က “ကျနော်လည်း ဆင်းရဲသားစာရင်းဝင်ပါလျက်နဲ့ မပေးတဲ့အတွက် ကျနော်တိုင်ကြားပါတယ်။ အဲဒီလို တိုင်တဲ့အခါမှာ ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးက မတိုင်ပါနဲ့၊ မင်းအတွက်ရမယ့် ငွေကို ငါတို့ပေးမယ်၊ ဒီကိစ္စကိုလည်း ပြဿနာတက်အောင်လုပ်မနေပါနဲ့ဆိုပြီး တောင်းပန်လာတယ်။ ကျနော့်ကတော့ လက်သင့်မခံဘူး” လို့ ပြောပါတယ်။
အခုလို တိုင်ကြားခံထားရတဲ့အပေါ်မှာ ခူလယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆွေလင်းက ဆယ်အိမ်မှူးတွေနဲ့ ရာအိမ်မှူးတွေ ကောက်ခံရရှိတဲ့ စာရင်းအရဆောင်ရွက်ရတာလို့ ပြောပါတယ်။
“ကျနော်ကိုယ်တိုင်လည်း ကျေးရွာတာဝန်ခံတွေ တင်လာတဲ့ စာရင်းနဲ့အညီ မြို့နယ်တင်ပေးပါတယ်။ မြို့နယ်က အိမ်ထောင်စု ၇၃၅ အိမ်ကို သိန်း ၁၄၇ သိန်းရရှိပါတယ်။ အဲဒါကို ကျေးရွာရာအိမ်မှူးတွေကို ခွဲဝေပြီး ပေးခိုင်းပါတယ်။ ကျနော့်အနေနဲ့ကတော့ နိုင်ငံတော်က ပေးတာ ၂၀,၀၀၀ ကျပ်ပါ။ တကယ်လို့ ကျနော်သာ လာဘ်စားမယ်ဆိုရင် ဘာမှ သုံးလောက်စွဲလောက်တဲ့ ပမာဏလည်း မဟုတ်ပါဘူး။”
ခူလယ်ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၇၅၃ အိမ်ရှိပြီး စတုတ္တအကြိမ်မြောက် ထောက်ပံ့ကြေးကို ကျေးရွာအတွင်းမှာ ဇန်နဝါရီလအတွင်းက စတင်ပေးအပ်ခဲ့တာလို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး
ထိုင်းနိုင်ငံမှာ ဝင်ငွေနည်းပြည်သူသန်း ၃၀ ကို ကိုဗစ်ထောက်ပံ့ကြေးအဖြစ် တယောက်ကို ဘတ်ငွေ ၇၀၀၀ စီပေးဖို့ အစိုးရက ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အခုပေးအပ်တဲ့ ထောက်ပံ့ကြေး အစီအစဉ်သစ်မှာ ခံစားခွင့်ရှိသူတွေကတော့ နိုင်ငံ တော်သက်သာခွင့်ကတ်ကိုင်ဆောင်သူတွေ၊ ဈေးဝယ်ခြင်းနဲ့ ခရီးသွားလာမှု သက်သာရေး ပူးတွဲအစီအစဉ်နဲ့ တခြားအုပ်စုတွေက ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ထောက်ပံ့ကြေးရရှိသူတွေကို အစိုးရက အီလက်ထရောနစ်ငွေပေးချေမှုစနစ်နဲ့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကာ ဒါကို ငွေသားနဲ့ ပြောင်းလဲခွင့်မရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံတော်သက်သာခွင့်ကတ်ကိုင်ဆောင်သူတွေကတော့ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်မှာ အလိုအလျောက်ရရှိမှာဖြစ်ပြီး ပူးတွဲအစီအစဉ်မှာ ပါဝင်သူတွေဟာလည်း ထပ်မံပြီးတော့ လျှောက်ထားဖို့ မလိုပဲ ဒီထောက်ပံ့မှုမှာ ထည့်သွင်းစဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။
တခြားလျှောက်ထားလိုသူတွေကတော့ http://www.เราชนะ.com/ ဝက်ဘ်ဆိုက်ဒ် စာမျက်နှာကတဆင့် လာမယ့် ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၁၂ ရက်အတွင်း မှတ် ပုံတင်နိုင်ပြီး လိုအပ်ချက်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဝင်ငွေဘတ် ၃ သိန်းထက် မပိုသူ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဘဏ်အပ်ငွေ ဘတ် ၅ သိန်းထက် မကျော်သူ တွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။
နောက်ပြီး အစိုးရရဲ့ ထောက်ပံ့ကြေး အစီအစဉ်သစ်အရ အီလက်ထရောနစ်ငွေပေး ချေမှုစနစ်နဲ့ လိုအပ်တဲ့ ဈေးဝယ်ယူမှုတွေ၊ အများပြည်သူသုံး အငှားကား၊ သုံးဘီး တုတ် တုတ်(Tuk-tuks)မော်တော်ဆိုင်ကယ်စီးနင်းမှုတွေမှာ အသုံးပြုနိုင်ပြီး အရက်နဲ့ အဖျော်ယ မကာ၊ ဒါမှမဟုတ် စီးကရက်တွေဝယ်ယူရာမှာတော့ အသုံးပြုခွင့်ရမှာ မဟုတ်ဘူးလို့ ထိုင်း ဘဏ္ဍာရေးဝန်ကြီး အာခုံ ထမ်ဖိထရာဖိုင်ဆစ်သ်က ပြောပါတယ်။
ဒီအစီအစဉ်မှာတော့ ဝင်ငွေနည်းကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ ၃၀ ဒသမ ၁ သန်းကို လွှမ်းခြုံထောက်ပံ့နိုင်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသင်းမှာ ဖော်ပြပါတယ်။
ကိုးကား- The Nation