အာဆင်နယ် ကွင်းလယ်ကစားသမား လူးကပ်စ်တော်ရဲရားဟာ အသင်းမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ပြောပါတယ်။
ဥရုဂွေး လက်ရွေးစင်ကစားသမားဟာ အခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ လေးပွဲသာ ကစားခွင့်ရထားပြီး ကစားရချိန်မှာလည်း သူအားသာတဲ့နေရာ ဖြစ်တဲ့ ကွင်းလယ်ခံစစ်နေရာကနေ တိုက်စစ်ကို ပိုပြီးလိုက်ပါရတဲ့နေရာကို ပြောင်းလဲ ကစားနေရပါတယ်။
တော်ရဲရားဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ခံစစ်နေရာမှာ အဓိက ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် သူ့ကို နေရာပြောင်းကစားခိုင်တဲ့ အမ်မရီရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်မသက်မသာ ဖြစ်နေပုံရပါတယ်။
အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ကတည်းက အာဆင်နယ်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
“ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ တော်ရဲရားဟာ ကစားရတဲ့နေရာ ပြောင်းလဲသွားခြင်းအပေါ် မပျော်မရွှင် ဖြစ်နေပေမယ့် အာဆင်နယ်အသင်းမှာတော့ ပျော်ရွှင်နေဆဲပါ။ အခုရာသီမှာ အာဆင်နယ် တသင်းလုံး ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် အသင်းကတော့ သူ့ကို ဆက်ထိန်းသွားမယ်လို့ ကျနော် ယုံကြည်နေပါတယ်” လို့ တော်ရဲရားရဲ့ အေးဂျင့်ဖြစ်သူ ရာဒီယိုမာတီက ပြောပါတယ်။
တော်ရဲရားကို အီတလီအသင်းတွေဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားနေကြပြီး တော်ရဲရား အာဆင်နယ်မှာ ဆက်ရှိ၊ မရှိ ဆိုတာ အသင်းဖော် ဂရန်းနစ်ချာကာရဲ့ အပြောင်းအရွှေ့နဲ့လည်း သက်ဆိုင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မကြာသေးခင်က အသင်းပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာရဖို့ရှိနေပြီး အေစီမီလန်အသင်းက စိတ်ဝင်စားနေပါတယ်။
ဒါ့ကြောင့် အေစီမီလန်ကသာ ချာကာကို ခေါ်ယူနိုင်ခဲ့ရင် တော်ရဲရားအပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုဟာ လျော့ကျသွားမှာဖြစ်ပြီး အာဆင်နယ်အသင်းမှာလည်း တော်ရဲရားဟာ ပွဲထွက်ခွင့် ပိုမိုရရှိလာဖို့ ရှိနေပါတယ်။
3 years Ago