တောင်​သူများ အရှုံး​ပေါ်

April 28, 2018

ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၍ ​တောင်​သူများ အရှုံး​ပေါ်

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်ရဲ့ အဓိက ထွက်​ကုန်​ထဲမှာပါဝင်​တဲ့ ကြက်​သွန်​နီ​ဟာ တပတ်​အတွင်းမှာ ​ဈေးနှုန်း ဆက်​တိုက်​ကျဆင်း​နေတာ​ကြောင့် ကြက်​သွန်​စိုက်​​တောင်​သူ​တွေ အရှုံး​ပေါ်​နေကြတယ်လို့ သိရပါတယ်။ မြင်းခြံ ​ရွှေဒင်္ဂါ ကြက်​သွန်​ပွဲရုံမှ ကို​ကျော်​ဇင်​ဝင်းက "ခုတပတ်​အတွင်းမှာ ကြက်​သွန်​နီ​ဈေးနှုန်း ဆက်​တိုက်​ဆိုသလို ကျဆင်း​နေတယ်​။ အ​ရောင်းအဝယ်​ကလည်း မ​ကောင်းဘူး။ ပြည်​ပ​တွေဖြစ်​တဲ့ ထိုင်း နဲ့ တရုတ်​ဘတ်​ကလည်း အနူတ်​နည်း​နေတယ်​၊ ပြီး​တော့ ရန်​ကုန်​၊ ​မော်​လမြိုင်​ စတဲ့ ​နေရာ​တွေကလည်း အ​ရောင်းအဝယ်​ ​အေး​နေတယ်​။ ရန်​ကုန်​ကလည်း လိုအပ်​သ​လောက်​ပဲ တင်​ခွင့်ပြုတာ။ ကုန်​ချိန်​များပို့ရင်​ လက်​မခံဘူးဆို​တော့ အ​ရောင်းအဝယ်​ ကျဆင်းသွားတာ​ပေါ့။ အဲ့ထက်​ဆိုးတာက ​တောင်​သူ​တွေဘတ်​က လက်​ရှိ​ဈေးနှုန်းနဲ့ မကိုက်​​တော့ အရှုံး​ပေါ်တဲ့ အ​နေအထားမှာ ရှိ​နေတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ပြီးခဲ့တဲ့နှစ်​က ခုလို ရာသီအချိန်​မှာ ကြက်​သွန်​နီ​ဈေးနှုန်း ၇၀၀ မှ ၈၀၀ ကျပ်​ထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့တာ​ကြောင့် ​တောင်​သူ​တွေ ထိခိုက်​ဆုံးရှုံးမှု နည်း​ခဲ့တယ်​လို့ သိရပါတယ်​။ ကြက်​သွန်​စိုက်​​တောင်​သူတ​ဦး​က "မနှစ်​က ဒီအချိန်​မှာ ကြက်​သွန်​​ဈေးနှုန်း မဆိုးဘူးလို့ ​ပြောလို့ရတယ်​။ ဒီနှစ်​က ကြက်​သွန်​ စစိုက်​တဲ့အချိန်​က မိုးများတယ်၊​ ပျက်​စီးဆုံးရှုံးမှု​တွေ ရှိခဲ့တယ်​။ အခြား ကုန်​ကျစရိတ်​​တွေကများ​တော့ လက်​ရှိ​ဈေးနှုန်နဲ့က ​တောင်​သူအများစုဟာ အရှုံး​ပေါ်​နေတာ​ပေါ့” လို့ ပြောပါတယ်။ မြင်းခြံ ကုန်​စည်​ဒိုင်​မှာ ​နေ့စဉ်​ ကြက်​သွန်​နီ ကုန်​ချိန်​ ပိဿာ ၁ သိန်းလောက် ဝင်​​ရောက်​နေပြီး၊ ​လှောင်​လက်​စ (အထက်​စ) ဖြစ်​တဲ့ ကံဆင့်နဲ့ တလုတ်​မြို့ စတဲ့​ကျေးရွာက ထွက်​ရှိတဲ့ ကြက်​သွန်​​တွေဟာ  ၁ ပိဿာ ၆၀၀ ကျပ်​ မှ ၆၃၅ ကျပ်​ထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ပြီး၊ အခြားနယ်​စုံမှ ထွက်​ရှိတဲ့ ကြက်​သွန်​​ဈေးနှုန်းဟာ ၃၅၀ မှ ၄၀၀ ကျပ်​ထိသာ အ​ရောင်းအဝယ်​ ဖြစ်ခဲ့တယ်​လို့ သိရပါတယ်​။ သတင်း-ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up