ဆောင်း​မြေပဲ စိုက်​​ခင်းများကို  ကြွက်​များ ဝင်​​ရောက်​ဖျက်ဆီးသဖြင့် ​တောင်​သူ​များ အရှုံးပေါ်

January 10, 2018

ဆောင်း​မြေပဲ စိုက်​​ခင်းများကို  ကြွက်​များ ဝင်​​ရောက်​ဖျက်ဆီးသဖြင့် ​တောင်​သူ​များ အရှုံးပေါ်

  မန္တ​လေးတိုင်း​ဒေသကြီး ​တောင်​သာမြို့နယ်​မှာ ​မြေပဲခင်းတွေထဲကို ကြွက်​တွေ ဝင်​​ရောက်​ ဖျက်​ဆီးတာကြောင့် ​မြေပဲတွေမရကြဘဲ ​ဆောင်း​မြေပဲစိုက်​ ​တောင်​သူအများစုဟာ အရှုံးနဲ့ ရင်​ဆိုင်​​နေရတယ်​လို့  ​တောင်​သူတွေရဲ့ ​ပြောကြားချက်​အရ သိရပါတယ်​။ ​တောင်​သာမြို့နယ်​ သီးကုန်း​ကျေးရွာမှ ဦးဗိုလ်​ဆန်​က “အခု ​ဒီ​ဒေသ စိုက်​ပျိုးတာ​တွေက ​ဆောင်း​မြေပဲ၊ ပဲစင်းငုံ၊ ​ပြောင်း စတာ​တွေ​ပေါ့၊ ပဲစင်းငုံကလည်း ရာသီဥတု မ​ကောင်း​တော့ မသီးဘူး၊ အပင်​​တွေခုတ်​ပြီး မီးရှို့ပစ်​ရတယ်​။ ​ဆောင်း​မြေပဲကလည်း ​နောက်​ပိုင်း မိုးမကြိုက်​​တော့ ​မြေပဲ​တွေ မ​အောင်​ဘူး​ပေါ့။ ပိုဆိုးတာက ကြွက်​​တွေက ​မြေပဲခင်း​တွေ ဝင်​​ရောက်​ ကိုက်​ဖျက်​ကြ​တော့ ​မြေပဲက လုံးဝကို မရကြ​တော့ဘူး။ စိုက်​ပျိုးတဲ့ အရင်းအနှီးက များ​တော့ ​တောင်​သူ​တွေ အခက်​အခဲ အများကြီး ရှိတာ​ပေါ့” လို့ပြောပါတယ်​။ ​​ဆောင်း​မြေပဲစိုက်​ ​တောင်​သူ​တွေဟာ မြို့နယ်​စိုက်​ပျိုးရေးဘဏ်​ကနေ စိုက်​ပျိုးစရိတ်​​ချေး​ငွေ ၁ ဧကကို ​ငွေကျပ်​ ၅၀၀၀၀ နှုန်းနဲ့ ​အများဆုံး ၁၀ ဧကအထိ ချး​​ပေးထားတာဖြစ်​ပြီး ​မြေ ၁ ဧကကို စိုက်ပျိုးစရိတ် ​​ကုန်​ကျ​ငွေ ၂ သိန်းဝန်းကျင်​ ကုန်​ကျတယ်​လို့ သိရပါတယ်​။ ​မြေပဲစိုက်​​တောင်​သူတဦးဖြစ်​တဲ့ ကိုစိုးမင်းလှိုင်​က “ဒီဆောင်း​မြေပဲ စိုက်​ပျိုးတာ ကုန်​ကျစရိတ်​က များတယ်​။ ​မြေပဲနုတ်​ချိန်​မှာ ကြွက်​​တွေက ဖျက်ဆီး စား​သောက်​ထား​တော့ ပြန်​မရ​တော့ဘူး။ အရင်​က ၁ ဧကကို ​မြေပဲထွက်​နှုန်းက တင်း ၂၀ က ၂၅ တင်းအထိ ထွက်​တယ်​။ အခု ၁ ဧက စိုက်​ထားတဲ့သူ​တွေမှာ ​မြေပဲ ၅ တင်းမှ ၁၀ တင်းကြား​တောင်​ ထွက်​ဖို့ မ​သေချာဘူး။ ပြီး​တော့ ​ရှေ့လထဲဆို စိုက်​ပျိုးစရိတ်​​ချေး​ငွေ​တွေ ပြန်​ဆပ်​ရ​တော့မှာ။ ဘာသီးနံမှ မရ​တော့ အခက်​​တွေ့ပြီ​ပေါ့။ လက်​ရှိ အစိုးရက ကူညီနိုင်​မယ်​ဆိုရင်​ ​ချေး​ငွေ ပြန်​ဆပ်​ကာလ ​နောက်​ဆုတ်​ ​ရွှေ့ဆိုင်း​ပေး​စေချင်​တာ​ပေါ့” လို့  ​ပြောပါတယ်​။ လက်​ရှိ ​​တောင်​သာမြို့နယ်​က ​ကျေးရွာအများစုမှာ ​ဆောင်း​မြေပဲခင်းတွေကို ကြွက်​ အများအပြား ဝင်​​ရောက်​ဖျက်​ဆီး စား​သောက်ထားလို့ ​မြေပဲအထွက်​နှုန်း ကျဆင်း​နေပြီး အ​ရောင်းအဝယ်​ ​ဈေးကွက်​မှာ​တော့ ​မြေပဲ​တောင့် ၁ ပိဿာကို ​ငွေကျပ်​ ၇၀၀ မှ ၈၀၀ ကျပ်​ ဝန်းကျင်​ အ​ရောင်းအဝယ်​ ပြုလုပ်​​နေရတယ်​လို့ သိရပါတယ်​။ သတင်း - ရီရီထွန်း(မြင်းခြံ )
4 years Ago
Up