မသန်စွမ်းလူငယ်တွေ ဘဝရပ်တည်နိုင်ရေး သက်မွေးအလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့ တောင်ကြီးမြို့ရှိ မသန်စွမ်းအဖွဲ့အစည်းနဲ့ ဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ YMCA ခန်းမမှာ ဆွေးနွေးပွဲ ပြုလုပ်ပါတယ်။
လက်ရှိ မသန်စွမ်းတွေအတွက် ထုတ်ကုန်တံဆိပ်တခု ဖန်တီးပေးပြီး ပြည်ပတင်ပို့နိုင်ဖို့ ပြုလုပ်မှာ ဖြစ်ပါတယ်။
New Heaven learning centre ကျောင်းအုပ် ဒေါ်ဆည်းဆာထွန်းက “အဓိကကတော့ ကျောင်းက ကလေးတွေကို စပြီး လေ့ကျင့်သင်ကြားပေးနေပါပြီ။ နောက်လကနေစပြီး သေချာလုပ်ဖို့ ကျမတို့ မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း လေ့ကျင့်သင်ကြား ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။
မသန်စွမ်းတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးအောင် အသက်ပြည့်သူအားလုံး ၂ဝ၂ဝ မှာ မဲထည့်နိုင်အောင် လေ့ကျင့်ပျိုးထောင်သွားမယ့် စီမံကိန်းတွေ စီစဉ်ထားတယ်လို့ ပြောပါတယ်။
YMCA စီမံကိန်းမန်နေဂျာ ဦးဌေးဝင်းရွှေက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသက်ပြည့်ပြီးသူ မည်သူမဆို မဲပေးပိုင်ခွင့်ရှိသည် ဆိုတဲ့အတိုင်း မသန်စွမ်းတွေကို အသက်ပြည့်ပြီးသူတိုင်း မည်သူမဆို မည်ကဲ့သို့ မဲပေးရမယ် ဆိုတာကို ကျနော်တို့ သင်ပေးမယ်” လို့ ပြောပါတယ်။
မသန်စွမ်းသူတွေဟာ ခွဲခြားဆက်ဆံခံရတဲ့အပြင် အခက်အခဲမျိုးစုံနဲ့ ဘဝရပ်တည်ဖို့ ရင်ဆိုင်နေရတာကြောင့် အခုလို စီစဉ်ဖြစ်တယ်လို့ Morning Star ID group မှ ဒေါ်စုစုက ပြောပါတယ်။
“သူတို့တချို့မှာ ကိုယ်အင်္ဂါ မသန်စွမ်း ရှိတယ်၊ တချို့က ဉာဏ်ရည်မသန်စွမ်း ရှိတယ်။ ပတ်ဝန်းကျင်မှာ သူတို့ကို နားလည်မပေးနိုင်ကြတော့ သူတို့က သူတို့ဖြစ်ချင်တာတွေ၊ ပြောချင်တာတွေ၊ လုပ်ချင်တာတွေအတွက် သူတို့မှာ လူနားလည်အောင် ပြောဖို့ အခက်အခဲ တခုပေါ့။”
မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ မသန်စွမ်းသူ ဦးရေ ၂ ဒသမ ၃ သန်းရှိတယ်လို့ သိရပါတယ်။ အခုဆွေးနွေးပွဲမှာ ရန်ကုန် ဝိုင်အမ်စီအေဆရာက ဦးဆောင်ပြီး တောင်ကြီးမြို့မှာရှိတဲ့ New heaven learning centre၊ New life၊ သူငယ်တော်ယေဇူး၊ Mili မြန်မာနိုင်ငံ ရှေ့ဆောင်အဖွဲ့နဲ့ Morning Stars ID group တို့က တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ခွန်ရာဇာ
5 years Ago