ဖမ်းဆီးရမိသည့်မူးယစ်​​ဆေးဝါးများကို UWSA  ‘၀’တပ်ဖွဲ့ မီးရှို့ဖျက်​ဆီး

June 26, 2019

ဖမ်းဆီးရမိသည့်မူးယစ်​​ဆေးဝါးများကို UWSA  ‘၀’တပ်ဖွဲ့ မီးရှို့ဖျက်​ဆီး

အပြည်​ပြည်​ဆိုင်​ရာ မူးယစ်​​ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်​​ရောင်းဝယ်​​ရေး​နေ့ အထိမ်းအမှတ်​အဖြစ်​ ပြီးခဲ့တဲ့ ၂ ​နှစ်​အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်​​ဆေးဝါးတွေကို UWSA  ‘၀’တပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။  ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်​မဟာ(၇၇၅) အ​ခြေစိုက်​​ ဟွေ​အောဌာနချုပ်​မှာ  ဒီနေ့ မနက်က မူးယစ်ဆေးဝါးတွေကို အခမ်းအနားနဲ့ မီးရှို့ ဖျက်​ဆီးခဲ့တာ ဖြစ်ပါတယ်​။ ‘၀’ဒေသ မူးယစ်​တိုက်​ဖျက်​​ရေး အထူးတပ်​ဖွဲ့မှူး ဦးရန်​​ကော်​ကျုန်းက ​”ဒေသတွင်း​နေ တပ်​ဖွဲ့ဝင်​တွေနဲ့ အရပ်​သားပြည်​သူတွေကို မူးယစ်​​ဆေးဝါးသုံးစွဲ​ရောင်းဝယ်​မှုမရှိ​စေရန် ​အဓိကထား လုပ်​​ဆောင်​​နေပြီး အစိုးရအုပ်​ချုပ်​မှုလက်​​အောက်​ရှိ ​ဒေသတွေကိုမူ လုပ်​​ဆောင်​နိုင်​ခြင်းမရှိပါဘူး။ အစိုးရနဲ့ဥပ​ဒေမတူ​ပေမယ့် မိမိတို့ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​နေသလို အစိုးရအုပ်​ချုပ်​မှု နယ်​​မြေအတွင်းက​နေ မူးယစ်​​ဆေးဝါးမှု ကျူးလွန်​သူ​တွေကိုလည်း ဖမ်းဆီးရမိပစ္စည်းတွေနဲ့အတူ ဥပ​ဒေအရအ​ရေးယူနိုင်​ဖို့ အစိုးရတာဝန်​ရှိသူ​တွေထံ အပ်​နှံ​ ဆောင်​ရွက်​ခဲ့ပါတယ်​။ အခုဖျက်​ဆီးတာ​ တွေက​တော့ ကျနော်​တို့အုပ်​ချုပ်​မှု ဒေသအတွင်းက ဖမ်းဆီးရမိတာ​တွေဖြစ်​ပါတယ်​" လို့ပြော ပါတယ်​။ ​တောင်​ပိုင်းစစ်​​ဒေသ (၁၇၁)နယ်​​မြေထဲမှာ ပြီးခဲ့တဲ့  ၂ ​နှစ်​အတွင်း မူးယစ်​​ဆေး​ရောင်းဝယ်​သူ ကျား ၁၄ ဦးနဲ့ မ ၂ ဦး၊ သုံးစွဲသူ ကျား ၃၄၀ ဦးနဲ့ မ ၂၇ ဦးရှိခဲ့ပြီး စိတ်​ကြွ်​​ဆေးပြား ၁၆၉၅၂၇ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၉၉၄ ကီလိုဂရမ်​၊ အိုက်စ် ပုံ​ဆောင်​ခဲ ၂ ဒသမ ၁ ကီလိုဂရမ်၊ ဘိန်းမဲ ၁၆ ဒသမ ၇ ကီလိုဂရမ်၊ ​ခေါင်းခါ​ဆေး ၁၁ ဘူး၊ဖမ်းဆီးမိခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်ပြီး ကားငယ် ၃ စီး၊ ဆိုင်​ကယ်​ ၁၃ စီး၊ စကား​ပြောစက်​ ၃ လုံး၊ လက်​ကိုင်​ဖုန်း ၁၄ လုံး၊ ထိုင်းဘတ်​​ငွေ ၄၈၄၃၄ ဘတ်​နဲ့ မြန်​မာကျပ်​​ငွေ ၆၃၃၀၀ ကျပ်​၊ ပွိုင့် ၂၂​ သေနတ် ၂ လက်​နဲ့ ကျည်​ ၆ ​တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူ​​တွေ​ကို​တော့ UWSA ဥပ​ဒေအရ အ​ရေးယူထားတယ်လို့ သိရှိရပြီး မူးယစ်​​ဆေးဝါး​တွေကို​တော့ စစ်​​ဒေသမှူး ဦးအိုက်​​လောင်း ကိုယ်​တိုင်​တက်​​ရောက်​လာပြီး ဖျက်​ဆီးခဲ့ ပါတယ်​။ စစ်​​ဒေသ(၁၇၁)အ​နေနဲ့ တပ်​မ​တော်နဲ့လက်​တွဲကာ အမ်​တီ​အေတပ်​ဖွဲ့တွေကို တိုက်​ခိုက်​ခဲ့ဖူးပြီး မိုင်းဆတ်​ခရိုင်​အတွင်း ၁၉၉၆ ခုနှစ်​က စကာအ​ခြေချပြီး မူးယစ်​​ဆေးဝါး တိုက်​ဖျက်​​ရေးကို ​ဆောင်​ရွက်​ခဲ့တာဖြစ်​တယ်​။ UWSA အ​နေနဲ့ အစိုးရရဲ့ မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး လုပ်​ငန်းစဉ်​တွေကိုလည်း အားရ​ကျေနပ်​ပြီး ပူး​ပေါင်း​ဆောင်​ရွက်​သွားဖို့ အစီအစဉ်​ရှိ​နေ​တယ်လို့လည်း သိရပါတယ်​။ ​သတင်း- အောင်​​ဇေယျ
3 years Ago
Up